ကျောက်မဲမှာ စစ်ကောင်စီလေယာဉ်နဲ့ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

Author ကိုထားဝယ်
Categories
Published on Jun 27, 2024

၁၀၂၇ စစ်ဆင်ရေးအဆက် ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုများကြောင့် ဇွန် ၂၅ နဲ့ ၂၆ နှစ်ရက်အတွင်း ခြောက်ဦးထက်မနည်းသေဆုံးသလို ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ PSLF/TNLA နဲ့ မြို့ခံပရဟိတအသင်းများထံမှ သိရပါတယ်။

 

တအောင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းအဖြစ် ရှမ်းမြောက်မှာ စတင်တိုက်ခိုက်ခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကျောက်မဲမြို့ပေါ်ရပ်ကွက်ထဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့တဲ့အပြင် ဇွန် ၂၆ ရက်မှာ မြို့ခံ ဆယ်ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ မြို့ခံလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဇွန် ၂၅ ရက်နေ့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် TNLA က တအောင်း တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ လေးဦးသေဆုံးသလို ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။

မနေ့ မွန်းတည့် ၁၂၊ ညနေ ၄ နာရီနဲ့ ညနေ ၆ နာရီတို့မှာ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်စီ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်၂ ၊ ၇ နဲ့  ရှုခင်းသာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ဆိုပါတယ်။

 

TNLA/PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ရှမ်းမြောက်က ကျောက်မဲနဲ့ နောင်ချို့တို့အပါအဝင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA