၁၀၂၇ စစ်ဆင်ရေး တတိယနေ့ နောင်ချိုမြို့က စစ်ကောင်စီစခန်းတချို့ TNLA ထပ်သိမ်း

Author ကိုထားဝယ်
Categories
Published on Jun 27, 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ ရှမ်းမြောက်၊ နောင်ချိုမြို့က စစ်ကောင်စီတပ်စခန်းတချို့ကို တအောင်းတပ် TNLA က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

 

နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ ခမရ-၁၁၅ တပ်စခန်းကို TNLA က မနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် မနက် ၁၀ နာရီခန့်မှာ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၁၁ နာရီကျော်မှာ တအောင်းတပ် ထိုးစစ်ဆင်နေတဲ့ တပ်ရင်း-၁၁၄ တပ်စခန်းကို စစ်ကောင်စီမှ Y-12 လေယာဉ်နဲ့ လာတိုက်သလို ၁၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

တဆက်တည်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းကို မနက် ၁၁ နာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မနက် ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ အဲဒီစခန်းကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ဟာ မနက် ၅ နာရီ ၄၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်တို့နဲ့ ရှမ်းမြောက်ရှိ ကျောက်မဲမြို့ရှိ စည်ပင်ဘုန်းတော်ကြီးကျောင်းနဲ့ နောင်ပြစ် စတဲ့နေရာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် TNLA ဟာ တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ်၊ အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၂၄၈ တပ်စခန်းကို ဒီနေ့ မနက် ၈ နာရီခွဲခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ယမန်နေ့က ကျောက်မဲမြို့နယ်မှာ တအောင်းတပ်ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ ၆၀ မမ နှစ်လက်၊ စက်လတ် ခြောက်လက်၊ RPG-7 နှစ်လက်၊ စနိုက်ဘာ တစ်လက်၊ ပစ္စတို ငါးလက်၊ မိုင်း ငါးလုံး၊ ၆၀ မမ ဗုံးသီးနဲ့ RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဒီနေ့ မနက်ပိုင်းထုတ်ပြန်ထဲ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA