ဖမ်းဆီးခံ ပေါင်းတည်က ဆန်စက်ပိုင်ရှင်တစ်ဦး တစ်ပတ်ကြာတဲ့အထိ စစ်ကောင်စီ ဆက်လက်ထိန်းသိမ်း စစ်ကောင်စီမပိတ်ပေမဲ့ ပေါင်းတည်က ဆန်စက်တွေ မဖွင့်

Published on Jun 27, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့က ဆန်စက်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်ဘက်က ဇွန်လ ၂၁ ရက်နေ့ကတည်းက ၎င်းနေအိမ်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါဆန်စက်ပိုင်ရှင်ကို စစ်ယူနီဖောင်းဝတ်တစ်ဦးအပါအဝင် လက်နက်ကိုင် အရပ်ဝတ် လူနှစ်ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိလိုက်သူ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

ဖမ်းခေါ်ထားတယ်ဆိုသော်လည်း မိသားစုနှင့် အဆက်အသွယ်မပြတ်ရှိနေပြီး နှိပ်စက်စစ်ဆေးခြင်းနဲ့ လက်ထိပ်ခတ်ထားတာမျိုးမရှိဘဲ အကျယ်ချုပ်သဘောမျိုးဖမ်းခေါ်ထားတာလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

 

“ပြီးခဲ့တဲ့ရက်က အလှူတောင် သွားခွင့်ပြုတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဆန်စက်ပိုင်ရှင်ကိုဖမ်းဆီးပြီးနောက် ၎င်းပိုင် ရန်ကုန်-ပြည်လမ်းကြားက ဆန်စက်တွေထဲ အကြီးဆုံးဆန်စက်ကိုလည်း စစ်ကောင်စီဘက်က ပိတ်လိုက်တယ်လို့ နီးစပ်သူများထံမှ သိရပါတယ်။

 

“စပါးအထွက်နှုန်းစစ်မယ်ဆိုပြီး အပိတ်ခံလိုက်ရတာ။ ဆန်စက်က ရန်ကုန်နဲ့ ပြည်ကြားထဲ အကြီးဆုံးပဲ အလုပ်သမားတစ်ရာဝန်းကျင်ရှိတယ်” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သို့သော် ပေါင်းတည်အနီးအနားက ဆန်စက်တွေကိုမူ စစ်ကောင်စီဘက်က ပိတ်ခိုင်းတာမျိုးမရှိပေမဲ့ ဖမ်းဆီးစစ်ဆေးခံရမှာစိုးရိမ်ကြတာကြောင့် ဆန်စက်ပိုင်ရှင်တွေက ပိတ်ထားကြတယ်လို့ အဲဒီက ဒေသခံတွေက ဆိုပါတယ်။

 

လတ်တလော ဖမ်းဆီးခံထားရသူရဲ့ ဆန်စက်မှာ အထက်ကလွှတ်တာဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံနဲ့ သုံးဦး လုံခြုံရေးလာယူထားပြီး ၁၀ ရက်ကြာပါက ဆန်စက် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမယ်လို့ ကြားသိရကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတွေက CJ Platform ကို ဆိုပါတယ်။

 

“ထားထားတာက အေးဆေးပဲ ထားတယ်။ အခုတော့ စာရွက်စာတမ်းတွေ တောင်းတယ်ပြောတယ်။ စစ်ဆေးဖို့ပေါ့။ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ နိုင်ငံရေးမှ မလုပ်တာ သူက” လို့ ပေါင်းတည်မြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လတတိယပတ်ထဲ ပြည်တွင်းမှာ ဆန်စပါးဈေး အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်နဲ့ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်နဲ့ ဝါးတန်းကုန်စည်ဒိုင်တို့က ဆန်ကုန်သည်နဲ့ အကျိုးဆောင်/ပွဲစားများ၊ နယ်က ဆန်ကုန်သည်များကို စစ်ကောင်စီ ခေါ်ယူစစ်ဆေးခဲ့ပြီး တချို့ ပြန်လွှတ်ပေးခဲ့သလို တချို့ကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဘက်က MRF အသင်း ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နှစ်ဦး ဖမ်းဆီးခဲ့တာကို တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့ ပြန်လွှတ်မလွှတ်ဆိုတာတော့ မထုတ်ပြန်ပါဘူး။ အဲဒီလိုပဲ တခြားကုန်သည်၊ ပွဲစားတွေကို ဖမ်းဆီးစစ်ဆေးရာမှာလည်း ဘယ်သူတွေကို ဖမ်းပြီး ဘယ်သူတွေကိုပြန်လည်လွှတ်ပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

ပြီးခဲ့တဲ့ ရက်ပိုင်းထဲ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ညီနောင်အသင်းအဖွဲ့တွေ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၂၄ ရက်ကစတင်ပြီး ၂၄ ပြည် ဆန်တစ်အိတ်ကို အနိမ့်ဆုံး ကျပ် ၇၀,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၄၅,၀၀၀ အထိ ဈေးသတ်မှတ်ရောင်းချပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်