ဖားကန့် တကျော့ပြန်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ရဲမှူးအပါအဝင် ဆယ်ဦးထက်မနည်းသေဆုံး

Author အညာသား
Categories
Published on Jun 27, 2024

ကချင်ပြည် ဖားကန့်ဒေသမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်လကျော် တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာမှ တဖန်ပြန်ဖြစ်ခဲ့တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ရဲမှူးတို့အပါအဝင် ဆယ်ဦးကျော်သေဆုံးခဲ့တယ်လို့ CJ Platform ရဲ့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဇွန် ၂၆ ရက် မနက်ပိုင်းက ဖားကန့် စစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိသလို တစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

“လက်နက်ကြီးကျပြီး ပေါက်ကွဲလို့ လက်ဖက်ရည်ဆိုင်က စားပွဲထိုးကလေး ဒဏ်ရာရသွားသလို ဆိုင်လာထိုင်တဲ့တစ်ဦးကတော့ ထိပြီး သေဆုံးသွားပါတယ်” လို့ ဖားကန့်ဒေသခံ သတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

ထို့ပြင် မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ ဆိုင်းတောင်ရဲစခန်းကုန်းကို KIA နဲ့ ပူပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး၊ ရဲမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လထဲအထိ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီးနောက် ငြိမ်သက်နေခဲ့တဲ့တိုက်ပွဲတွေဟာ နှစ်လကျော်အကြာ ဇွန် ၂၅ ရက် မနက် ၄ နာရီက ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ည ၇ နာရီခွဲလောက်မှာလည်း ဆိုင်းတောင် နှီးဘုရားကွက်သစ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။

 

အလားတူ ဇွန် ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း လုံးခင်းကျေးရွာဘက်ကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့လို့ ကုန်စုံဆိုင်တစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

လက်တလော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ကချင်ပြည်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ ဆိုင်းတောင်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ကြား စစ်ရေးတင်းမာနေပြီး ထပ်မံထိတွေ့တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ဆိုင်းတောင်ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်