ဇူလိုင် ၁ ရက်ကစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမှာ အိမ်အရောက်ပို့စနစ်နဲ့ MRF ဆန်ရောင်းပေးမယ်

Author အကြင်နာ
Categories
Published on Jun 27, 2024

စစ်ကောင်စီကြောင့် ဆန်အကျပ်အတည်းဆိုက်လာပြန်တဲ့ ပြည်တွင်းမှာ နောက်လ ဇူလိုင် ၁ ရက်ကစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ပေါ်ဆန်းမွှေးဆန်တွေကို အိမ်အရောက်စနစ်နဲ့ ရောင်းချပေးမယ်လို့ စစ်ကောင်စီထိန်းချုပ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်ပါတယ်။

 

ရွှေဘိုပေါ်ဆန်း(၂၄ ပြည်)တစ်အိတ်လျှင် ကျပ် ၁၅၂,၀၀၀ ၊ ဧရာဝတီပေါ်ဆန်း(၂၄ ပြည်)တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ နဲ့ ဧရာဝတီပေါ်ဆန်း(ငါးပြည်)တစ်အိတ်လျှင် ကျပ် ၂၆,၅၀၀ ဈေးဆိုပြီး သတ်မှတ်ထုတ်ပြန်လာပါတယ်။

 

ယခုသတ်မှတ်ဈေးထက် လျှော့ချနိုင်ဖို့ကြိုးပမ်းမှာဖြစ်သလို အခုအစီအစဉ်ကို အဆက်မပြတ်လုပ်ဆောင်ပေးမှာမလို့ အမှန်တကယ်လိုအပ်မှ မှာယူဖို့ MRF က တိုက်တွန်းထားပါတယ်။

 

ဆန်မှာယူပြီး/ငွေချေပြီး သုံးရက်အတွင်း အရည်အသွေးမှန်၊ အလေးချိန်မှန်လို့ဆိုတဲ့ ဆန်အိတ်တွေ လိပ်စာအတိုင်း အိမ်အရောက်လာပို့ပေးမယ်လို့ MRF ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် တခြားဆန်အမျိုးအစားတွေနဲ့ ထုတ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း အိမ်အရောက်ပို့စနစ်နဲ့ တိုးချဲ့ရောင်းချပေးနိုင်အောင် စီစဉ်မယ်လို့လည်း ဇွန်လ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းတို့က ဆန်မှာယူလိုသူတွေအနေနဲ့ Viber ဖုန်းနံပါတ်တွေဖြစ်တဲ့ 09-400067240 ၊ 09-400067250 ၊ 09-400067260 တို့အပြင် sales@mrf.com.mm ဆိုတဲ့ e-mail လိပ်စာတို့ကနေ မှာယူနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီဟာ ဇွန်လ တတိယပတ်ထဲ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေအပါအဝင် ဘုရင့်နောင်နဲ့ ဝါးတန်းဆန်ကုန်စည်ဒိုင်တို့ရှိ လက်ကြီး ဆန်ကုန်သည်တွေနဲ့ ဆန်အကျိုးဆောင်/ပွဲစားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အပြင် နယ်ဒေသတွေက ဆန်ကုန်သည်ကြီးတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီနောက် ဆန်စပါးအသင်းနဲ့ ညီနောင်အဖွဲ့တွေ ဇွန်လ တတိယပတ်ထဲ အစည်းအဝေးပြုလုပ်ပြီးနောက် ဇွန်လ ၂၄ ရက်မှာ ရန်ကုန်မြို့က ဝါးတန်းနဲ့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွေမှာ ပြင်ပပေါက်ဈေးအောက်လျော့တဲ့ ဆန်ဈေးနှုန်းတွေနဲ့ စတင်ရောင်းချပေးခဲ့ပါတယ်။

 

အဲဒီမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၅,ဝ၀ဝ မှ ၁၄၅,ဝ၀ဝ၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၁၀,ဝ၀ဝ မှ ၁၂၀,ဝ၀ဝ၊ ဧည့်မထ တစ်အိတ်လျှင် ကျပ် ၇၂,ဝ၀ဝ မှ ၇၅,ဝ၀ဝ တို့နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ MRF က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅၀ဝ၀၊ ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နဲ့ ပေါ်ဆန်း ဆန်ငါးပြည်တစ်အိတ် ကျပ် ၂၅,ဝ၀ဝ နဲ့ ရောင်းချပေးမယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ဝါးတန်းဆန်ကုန်စည်ဒိုင်က ရောင်းချပေးနေတဲ့ ဆန်ကို တန်းစီလာဝယ်နေသူများကို တွေ့ရစဉ်