မင်းတပ် မြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီ ဖောက်ထွင်းခိုးယူဖျက်ဆီး

Author ဆလိုင်း
Categories
Published on Jun 27, 2024

ချင်းပြည်(တောင်ပိုင်း)၊ မင်းတပ်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်အများအပြားကို စစ်ကောင်စီလှည့်ကင်းတွေက ဖောက်ထွင်းခိုးယူဖျက်ဆီးတဲ့အပြင် ဒေသခံတွေကို ဖမ်းဆီး​ငွေညှစ်မှုတွေလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

မင်းတပ်မှာ မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် ဇွန်လ ပထမပတ်အတွင်းကစလို့ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို စစ်ကောင်စီတပ်က မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

“မင်းတပ်မှာ ဒေသခံအများစုက ထွက်ပြေးစစ်ဘေးရှောင်ကြပြီး ၃၀ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်။ စစ်ကောင်စီက လုံခြုံရေးကင်းလှည့်တာကို အကြောင်းပြပြီးတော့ လူမရှိတဲ့ နေအိမ်တွေ တက်ပြီး တံခါးသော့တွေ ရိုက်ခွဲ အိမ်ထဲဝင် ပစ္စည်းတွေ ခိုးယူကြတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်က ပစ္စည်းတွေ ခိုးယူတဲ့အပြင် အရပ်သား နေအိမ်တွေထဲက ပစ္စည်းတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မင်းတပ်မှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးပြီး ငွေညှစ်တာ၊ ငွေလုယူတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၃ ရက်က မင်းတပ်မြို့ စိချဲ့ရပ်ကွက်က အရပ်သား အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ၎င်းထံပါလာတဲ့ ငွေသား ကိုးသိန်းကျော်ထဲက ခုနစ်သိန်းကို လုယူသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

“အဲဒီ အမျိုးသားက ရွာကနေ မင်းတပ်ပြန်လာတာ။ အဲဒီမှာ စစ်သားတွေနဲ့တိုးပြီး ဖမ်းဆီးစစ်ဆေးတာ။ သူ့ဆီမှာပါလာတဲ့ ပိုက်ဆံအိတ်ထဲက ငွေသား ခုနစ်သိန်းကို ယူသွားပြီး ပြန်လွှတ်ပေးခဲ့တယ်” လို့ သူက ဆိုပါတယ်။

 

ထို့ပြင် ဇွန်လ ၂၂ ရက်ကလည်း ကင်းလှည့်တဲ့ စစ်ကောင်စီတပ်က မင်းတပ်မြို့ တတိယမြို့ပတ်လမ်းက အိမ်စောင့်အဖြစ် ကျန်ခဲ့တဲ့ အသက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပြီး သူတို့ဆီက ငွေသားတွေ လုယူသွားတယ်လို့ သိရပါတယ်။

 

မင်းတပ်မှာ မြို့သိမ်းတိုက်ပွဲ သတင်းတွေထွက်ပေါ်လာပေမဲ့ ဒီနေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 

စစ်ဘေးရှောင်တွေဟာ မကွေး၊ ဆော၊ ဂန့်ဂေါ စတဲ့မြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-CJ

 

ပုံစာ – မင်းတပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တွေ့ရစဉ်