လှိုင်သာယာမှာ ထွေအုပ်ဝန်ထမ်းတစ်ဦး ဓားထိုး လုယက်ခံရ

Author ကိုထက်
Categories
Published on May 27, 2024

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က ထွေအုပ်ဝန်ထမ်းတစ်ဦး မနေ့ကညပိုင်းက ဘက်ထရီစက်ဘီးနဲ့ အိမ်အပြန်မှာ ဓားထိုးလုယက်ခံရတယ်လို့ မျက်မြင်တွေ့သူ‌တွေက ပြောပါတယ်။

 

မနေ့(မေလ ၂၆)ရက် ည ၁၀နာရီခန့်က ရုံးရှေ့မှတ်တိုင်အနီး ကျန်စစ်သားလမ်းမ City Markအနီးမှာ လူသုံးယောက်က ဓားနဲ့ထိုးပြီး လုယက်သွားတာလို့ အနီးနားနေပြည်သူတစ်ဦးက ပြောပါတယ်။

 

“အလုခံရတဲ့သူက သက်လတ်ပိုင်းအမျိုးသားဗျ။ ဒီနားကထွေအုပ်ရုံးက စာရေးလို့သိရတယ်။ ည ၁၀နာရီလောက်က ဘက်ထရီဘီးနဲ့သူက ပြန်လာတာကို လူသုံးယောက်လောက်က ဝိုင်းပြီးသတ်ပုတ်ပြီး ဓားနဲ့ပါထိုးသွားတာ။ ပိုက်ဆံအိတ်ကော၊ ဖုန်းကောယူသွားကြတာ။”လို့ သူကပြောပါတယ်။

 

လုယက်ခံရသူ ထွေအုပ်ဝန်ထမ်းအမျိုးသားကို အနီးနားကပြည်သူတွေက လှိုင်သာယာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

လှိုင်သာယာမှာ အခုလို အုပ်စုဖွဲ့လုယက်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး စက်ရုံအလုပ်သမားအများစုက ကြုံတွေ့နေရတာဖြစ်ပါတယ်။

 

ရန်ကုန်မှာ အုပ်စုဖွဲ့ရမ်းကားလုယက်မှုတွေဟာ လမ်းမတွေပေါ်မှာတင်မဟုတ်ဘဲ ၊YBSတွေပေါ်မှာပါ ဖြစ်နေတာပါ။

 

ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်ကလည်း YBS 61၊ YBS 22တွေပေါ်မှာ အုပ်စုဖွဲ့ ဓားထောက်လုယက်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်