အိန္ဒိယမှာ တစ်ရက်တည်း မီးလောင်မှုနှစ်ခုကြောင့် မွေးကင်းစကလေးငယ် ခြောက်ဦးအပါအဝင် ၃၀ ကျော်သေဆုံး

Author CJ Platform
Categories
Published on May 27, 2024

အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီနဲ့ ဂူဂျာရတ်ပြည်နယ်တို့မှာ မေလ ၂၅ တစ်ရက်တည်း မီးလောင်မှုနှစ်ခုကြောင့် မွေးကင်းစကလေးငယ်ခြောက်ဦးအပါအဝင် လူ ၃၃ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒေလီမြို့မှာရှိတဲ့ ကလေးဆေးရုံတစ်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစကလေးငယ်ခြောက်ဦး သေဆုံးခဲ့ကြောင်း မီးလောင်မှုထဲက ကလေးငယ်တွေကို ကူညီကယ်ထုတ်ပေးဖို့ တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ကပြောကြားတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ မီးလောင် သေဆုံးမှုဖြစ်စဉ်ကို “စိတ်နှလုံးထိခိုက်ကြေကွဲစရာပါပဲ” လို့ သူ့ရဲ့တရားဝင်လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဆေးရုံမီးလောင်ကျွမ်းမှုဟာ စနေနေ့(မေ ၂၅ ရက်)ညနေပိုင်းမှာ ဖြစ်ပွားခဲ့မီးလောင်မှုမှာ ဆေးရုံဘေးပတ်ဝန်းကျင်ကလူတွေဟာ မီးလောင်တာသိသိချင်း မီးတောက်တွေကိုမမှုဘဲ ရဲရဲဝံ့ဝံ့ထိုးဖောက်ဝင်ရောက်ပြီး မွေးကင်းစ ကလေးငယ်တွေကို ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ အိန္ဒိယဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

 

“မွေးကင်းစ ကလေးငယ် (၁၂) ဦးစလုံးကို တခြားသူတွေရဲ့ အကူအညီတွေကြောင့် ဆေးရုံထဲကနေ ကယ်ထုတ်လိုက်နိုင်ပါတယ်” လို့ အကြီးတန်း ရဲအရာရှိ ဆူရန်ဒရာ ချောင်ဒါရီ(Surendra Choudhary)က ပြောပါတယ်။

 

ဒါပေမဲ့ ဆေးရုံက လေးငယ်တွေကို ဆေးကုသမှုပေးနေစဉ်အတွင်း ကလေးငယ် ခြောက်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။

 

လက်ရှိမှာ ဆေးရုံပိုင်ရှင်ဖြစ်သူကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပြီလို့ မစ္စတာ ချောင်ဒရီက ပြောကြားခဲ့ပြီး ကလေးငယ်တွေ ဘယ်လိုဘယ်ပုံသေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။

 

သေဆုံးသွားခဲ့တဲ့ ကလေးငယ် ခြောက်ဦးအပြင် အပြင်ကို ကယ်ထုတ်လာတဲ့ ကလေးငယ်(၁၂)ဦးထဲက ကလေးတစ်ဦးဟာ မီးလောင်မှုမဖြစ်ခင်ကတည်းက သေဆုံးပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

မီးလောင်ကျွမ်းမှုဟာ ဒေလီမြို့ အရှေ့ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ ဗီဗက် ဗီဟာ(Vivek Vihar)မှာရှိတဲ့  မွေးကင်းစကလေးငယ် စောင့်ရှောက်ရေးဆေးရုံတစ်ရုံမှာ ဖြစ်ပွားခဲ့တာပါ။

 

ဒေလီမီးသတ်ဌာနရဲ့ ဒါရိုက်တာဖြစ်သူ အတူး ဂက်ဂ်(Atul Garg)က မီးလောင်ကျွမ်းရာနေရာကို မီးသတ်ကား (၁၄) စီး ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Press Trust of India (PTI)ကို ပြောကြားခဲ့ပါတယ်။

 

“အောက်ဆီဂျင်ဆလင်ဒါတွေ ပေါက်ကွဲခဲ့တာကြောင့် မီးလောင်ကျွမ်းမှုဟာ အလျင်အမြန်ပဲ ကူးစက်သွားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

 

ဒေလီမြို့တော် ဝန်ကြီးချုပ်ဖြစ်တဲ့ အာဗင့် ကီဂျ်ရီဝယ်(Arvind Kejriwal)ကတော့ “စိတ်နှလုံးညှိုးချုံး စရာအခြေအနေပါပဲ” လို့ ဆိုပါတယ်။

 

“ဒီမတော်တဆမှုမှာ သူတို့ရဲ့အပြစ်မဲ့တဲ့ကလေးတွေကို ဆုံးရှုံးလိုက်ရတဲ့ ထိခိုက်နစ်နာသူတွေနဲ့အတူ ကျွန်တော်တို့ အတူရပ်တည်သွားမှာပါ။ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်စဉ်မှာ တာဝန်ရှိတဲ့ ဘယ်သူ့ကိုမဆို အလွတ်ပေးသွားမှာ မဟုတ်ပါဘူး” လို့ သူက လူမှုကွန်ရက်ကတစ်ဆင့် ပြောခဲ့ပါတယ်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း “ကျွန်တော့်အတွေးတွေဟာ ခက်ခဲလှတဲ့အခြေအနေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အမြဲအတူရှိနေပါတယ်”လို့ ကလေးသူငယ်တွေကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ဆိုခဲ့ပါတယ်။

 

“ထိခိုက်ဒဏ်ရာရသူတွေလည်း အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ဆုတောင်း ပေးပါတယ်” လို့လည်း သူက ဆက်လက်ရေးသားထားပါတယ်။

 

ဒေလီက ဆေးရုံမီးလောင်ကျွမ်းမှုဖြစ်စဉ်အပြီး နာရီပိုင်းအကြာမှာပဲ အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဂူဂျာရတ်ပြည်နယ်က အပန်းဖြေဥယျာဉ်တစ်ခုမှာလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သေးတာကြောင့် ကလေးငယ်လေးဦးအပါအဝင် လူပေါင်း(၂၇)ယောက်သေဆုံးခဲ့ပါတယ်။

 

အဲဒီမီးလောင်မှုဖြစ်စဉ်ဟာ လူငယ်တွေအများအပြားရှိနေတဲ့ ဘိုးလင်းကစားရာနေရာတွေနဲ့ တခြားဂိမ်းတွေ ဆော့ကစားနေတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ရုပ်အလောင်းအများစုကလည်း ဆိုးဆိုးရွားရွား မီးလောင်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ ခက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်လှတဲ့အပူချိန်ကြောင့် မီးလောင်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး စနေ့နေ့မှာဆိုရင် ဒေလီမြို့ရဲ့ အပူချိန်ဟာ ၄၆ ဒသမ ၈ ဒီဂရီစင်တီဂရိတ်(၁၁၆ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်)အထိ ရှိခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနရဲ့ အချက်အလက်များအရ သိရပါတယ်။

 

အိန္ဒိယနိုင်ငံမှာဆိုရင် ဆင်းရဲနုံချာတာကြောင့် ညံ့ဖျင်းတဲ့နေထိုင်မှုစနစ်တွေ၊ လူဦးရေ ထူထပ်လွန်းတာတွေ၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စည်းမျဉ်းစည်းကမ်းမလိုက်နာတာတွေကြောင့် မီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

 

ဓာတ်ပုံ – Express Photo

 

ကိုးကား – The Guardian