နအဖမှ စစ်ကောင်စီ ခေတ်လေးခု သက်ရှည်ဝန်ကြီးကို ၂၄ နှစ်အကြာမှာ စစ်ကောင်စီ တာဝန်မှအနားပေးခံရ

Author ကိုထားဝယ်
Categories
Published on May 27, 2024

နအဖ-ဦးသိန်းစိန်-NLD-စစ်ကောင်စီ ခေတ်လေးဆက်အထိ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဌာနအတော်များများမှာ ၂၀၀၀ ပြည့်နှစ်ကစလို့ ဦးအောင်နိုင်ဦးဟာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒီနေ့ မေလ ၂၇ ရက် ညပိုင်းမှာ တာဝန်ကနေ စစ်ကောင်စီရဲ့ အနားပေးခြင်း ခံလိုက်ရပါတယ်။

 

သူဟာ ဦးသန်းရွှေရဲ့ နအဖနဲ့ ဦးသိန်းစိန်ခေတ်ဖြစ်တဲ့ ၂၀ဝ၀ မှ ၂၀၁၂ ခုနှစ်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနများရုံးရှိ ဌာနများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)တို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

အဲဒီနောက် ဦးသိန်းစိန်နဲ့ NLD ခေတ်ဖြစ်တဲ့ ၂၀၁၂ မှ ၂၀၁၉ ခုနှစ်အထိ DICA ရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ်ကနေ အဲဒီနှစ် ဧပြီလမှာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

 

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဖွဲ့စည်းတဲ့ စစ်ကောင်စီအစိုးရအဖွဲ့မှာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

 

အဲဒီနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ကနေ အခုအနားယူချိန်မှာ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၃ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦးဟာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

 

စစ်ကောင်စီဟာ ဦးအောင်နိုင်ဦးအပြင် ဒီနေ့ညမှာပဲ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကိုလည်း ရာထူးကနေ အနားပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – Aung Naing Oo Facebook