မိုးရာသီမှာ ဆောင်ဖို့၊ ရှောင်ဖို့ . . .

Author ဇက်
Categories
Published on May 26, 2024

အင်မတန်ပူပြင်းတဲ့ နွေရာသီငရဲကတော့ မကြာခင်မှာပဲ နိတ္ထိတံပါတော့မယ်။ နွေအကုန် မိုးအကူးကာလ မိုး တဖြိုက် နှစ်ဖြိုက် ကျစပြုလာပြီမို့ နွေတစ်လျှောက် ခံစားလာခဲ့ရသမျှ အပူဝဋ်ကနေလည်း ကျွတ်အံ့ဆဲဆဲပေါ့။ ဒါပေမဲ့ အများစု မျှော်လင့်တောင့်တနေတဲ့ ဒီမိုးကာလဟာလည်း နွေရာသီနဲ့ မခြားတဲ့ ဒုက္ခမျိုး ပေးနိုင်နေပြန်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်တာက စလို့ ယာဉ်မတော်တဆမှုတွေ အလယ် ရေကြီးရေလျှံမှုတွေ အဆုံး ဘေးဘယာပေါင်းစုံက မိုးဥတုနဲ့အတူ မြန်မာနိုင်ငံဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့မယ်။ ဒါကြောင့် အပတ်စဉ် မျှဝေနေကျ ‘သိစေချင်လို့’ ကဏ္ဍမှာ CJ Platform က မိုးရာသီအတွင်း ဆောင်ရ၊ ရှောင်ရ၊ သတိပြုရမဲ့ အချက်ကလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

****************************************

 

(၁) လျှပ်စစ်ဝါယာကြိုးတွေကို မထိရ၊ မကိုင်တွယ်ရ။

 

မိုးရာသီမှာ သေချာပေါက် သတိထားရမဲ့ ကိစ္စဖြစ်လို့ ရှေ့ဆုံးကနေ ထည့်ရေးလိုက်ပါတယ်။ လျှပ်စစ်ဝါယာကြိုးတွေကို ထိတာ၊ ကိုင်တွယ်တာမျိုး မလုပ်ဖို့ပါ။ မိုးကြီး လေကြီးလို့ ပြတ်ကျ၊ တွဲလောင်းကျနေတဲ့ ဓာတ်ကြိုးတွေ၊ ရေစိုနေတဲ့ ဝါယာကြိုးလိုင်းတွေနဲ့ တခြားလျှပ်စစ်နဲ့ ပတ်သက်တာတွေ အကုန်လုံးကို မိုးရာသီမှာ သတိကြီးကြီး ထားပြီး ဆင်ခြင်သင့်ပါတယ်။ အကြောင်းက ပြတ်ကျနေတဲ့ ကြိုးတွေမှာတောင် လျှပ်စစ်က စီးဆင်းနေနိုင်စွမ်း ရှိပြီး သွားကိုင်မိရင် အသက်အန္တရာယ်ရှိနိုင်လို့ပါ။ နင်းမိရင်တောင် ဓာတ်လိုက်နိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ ကိုယ့်မှာ ကလေးတွေ ရှိတယ်ဆိုရင်လည်း ဒီအကြောင်းကို သေသေချာချာ ပြောပြထားသင့်ပါတယ်နော်။ နောက်ပြီး မော်တော်ယာဉ်တွေကိုလည်း ဓာတ်ကြိုး၊ မီးကြိုးတွေ ရှိတဲ့အောက်မှာ မရပ်ထားသင့်ပါဘူး။

****************************************

 

(၂) မိုးရေထဲ လမ်းမလျှောက်သင့်ပါ။

 

မိုးရွာရင် ကလေးအများစုက ပျော်ကြပါတယ်။ မြန်မာကလေးအများစုဆိုရင် မိုးကြီးတာနဲ့ အိမ်တွေထဲက ထွက်ပြီး မိုးရေချိုးတတ်ကြတာပေါ့။ ပူပြင်းတဲ့ နိုင်ငံတွေမှာ နေသူတွေမို့ မိုးစက်မြင်ရင်ကို ခုန်ပေါက် ဆော့ကစားချင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ မိုးရွာနေတုန်း ရေအိုင်တွေ၊ ဗွက်အိုင်တွေကို ဖြတ်ပြီးတော့တော့ လမ်းလျှောက်တာမျိုး မလုပ်သင့်ပါဘူး။ ရွာတဲ့ မိုးကြောင့် အိုင်နေတဲ့ အဲဒီဗွက်ပေါက်လေးတွေက ဒီတိုင်းဆိုရင်တော့ သန့်ရှင်းသယောင်ထင်ရပေမဲ့ ဘက်တီးရီးယား ပိုးမွှားပေါင်းစုံ ပါဝင်နေနိုင်လို့ပါ။ ဒီဗွက်တွေထဲသာ ခြေဗလာနဲ့ ဖြတ်နင်းလျှောက်မယ်ဆိုရင် ခြေထောက်တွေမှာ မှိုဝဲစွဲတာနဲ့ တခြားရောဂါပိုးတွေ ဝင်ရောက်ဖြစ်ပွားနိုင်ပါတယ်။ နောက်ပြီး ခြေထောက်မှာ အနာရှိသူတွေနဲ့ ဆီးချိုရောဂါသည်တွေဆိုရင် ပိုလို့တောင် ရှောင်ကျဉ်ရပါအုံးမယ်။

 

မဖြစ်မနေ သွားနေလာနေရလို့ နင်းရတယ်ဆိုရင်တော့ ကိုယ်သွားလိုတဲ့ နေရာရောက်တာနဲ့ ခြေထောက်ကို ဆပ်ပြာနဲ့ ရေ ရောပြီး သေချာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ နောက်ပြီး စိုစွတ်နေတဲ့ ခြေအိတ်တွေ၊ ဖိနပ်တွေနဲ့ အတွင်းခံတွေ ဝတ်တာကိုလည်း တတ်နိုင်သလောက် ရှောင်ပါ။

****************************************

 

(၃) ခြင်ရန်၊ ယင်ရန် သတိပြုပါ။

 

မိုးတွင်းရောက်တာနဲ့ အရင်ဆုံး ကြုံရတာ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ အန္တရာယ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ခြင်၊ ယင်ပေါတဲ့ နိုင်ငံဆိုရင်တော့ မိုးတွင်းရောက်တာနဲ့ ဒီရောဂါတွေက အတော်ကြောက်ဖို့ ကောင်းတာပါ။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်လာတဲ့ အေဒီးစ်ခြင်မျိုးတွေက မိုးရေအိုင်တွေ၊ ဗွက်တွေနဲ့ ရေတိုင်ကီတွေ၊ အိုးခွက်တွေထဲ ပေါက်ဖွားနိုင်လို့ အဲဒီနေရာတွေကို မြေဖို့တာ၊ ရေအိုးတွေဆို ဆေးကြောသန့်စင်တာ၊ ကန်တွေဆို ဆေးခပ်တာမျိုး လုပ်သင့်ပါတယ်။ ခြင်တွေဆိုတာ သွေးလွန်တုပ်ကွေးတင်မက၊ ငှက်ဖျားရောဂါနဲ့ ဆင်တုပ်ကွေးလို ရောဂါတွေ၊ ရာသီတုပ်ကွေးဗိုင်းရပ်စ်တွေကိုပါ သယ်ဆောင်သူမို့ သူတို့အန္တရာယ်ကို သတိထားသင့်ပါတယ်။ နေအိမ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်တဲ့ ချုံနွယ်ပိတ်ပေါင်းတွေ၊ ရေအိုင်၊ ကန်တွေကို ရှင်းလင်းခုတ်ထစ်သင့်သလို ကလေးသူငယ်တွေ ရှိတဲ့ အိမ်ဆိုရင် ခြင်လုံဇကာတပ်ဆင်တာ၊ လျှပ်စစ်ခြင်ဆေး ထွန်းတာမျိုးတွေ ဆောင်ရွက်သင့်ပါတယ်။ အင်္ကျီ/ဘောင်းဘီ လက်ရှည်ဝတ်ပြီး ခြင်ပေါတဲ့ နေရာတွေမှာ နေတာကိုလည်း ရှောင်ရပါမယ်။ ယင်ကောင်ဆိုရင်လည်း ကျွန်တော်တို့ စားသုံးတဲ့ အစားအစာတွေကို ပေရေဘေးသင့်စေနိုင်ပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် စားစရာ၊ သောက်စရာတွေကို အမြဲအအုပ်အဆောင်းနဲ့ လုံလုံခြုံခြုံထားပြီး ယင်မနားမဲ့ နေရာမှာ သိမ်းဆည်းပါ။

****************************************

 

(၄) ကားတွေ၊ ဆိုင်ကယ်တွေကို ဖြည်းဖြည်းမောင်းပါ။

 

ယာဉ်မတော်တဆမှုတွေက မိုးတွင်းမှာ အတော်ခပ်စိတ်စိတ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားတွေ၊ ဆိုင်ကယ်တွေကို ကိုယ်တိုင်မောင်းနှင်သူတွေအနေနဲ့ ရာသီဥတုအခြေအနေပေါ် မူတည်လို့ အထူးသတိထားမောင်းနှင်သင့်ပါတယ်။ အသက်ကို ဉာဏ်စောင့်တာမို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို တတ်နိုင်သလောက် လိုက်နာပြီး ဆင်ဆင်ခြင်ခြင် သွားလာသင့်ပါတယ်။ မိုးရေကြောင့် စိုစွတ်နေတဲ့ လမ်းမတွေ၊ ကတ္တရာလမ်းတွေပေါ်မှာ မောင်းရင် အရှိန်ကို တတ်နိုင်သလောက် လျှော့ပြီး ရှေ့က ကားနဲ့ ခွာမောင်းသင့်ပါတယ်။ တကယ်လို့ ကိုယ့်နောက်က ကားက ကိုယ်နဲ့ ကပ်လိုက်နေရင်လည်း သူနဲ့ ဝေးနိုင်အောင် ရှေ့တိုးမောင်းပြီး မတော်တဆဖြစ်နိုင်ခြေတွေကို လျှော့နည်းအောင် လုပ်ပါ။ မိုးရွာနေချိန်မှာ မော်တော်ဆိုင်ကယ်မောင်းတာကလည်း အန္တရာယ်များတာပါပဲ။ လေးဘီးသုံးပြီး အမိုးအကာအောက်မှာ မောင်းနှင်တဲ့ ကားတွေတောင် ဆိုးဆိုးရွားရွား မှောက်တဲ့ ကိစ္စတွေ မကြာခဏ ဖြစ်နေတာမို့ မော်တော်ဆိုင်ကယ်လို နှစ်ဘီးတပ်ယာဉ်တွေဆိုရင် ပိုလို့တောင် သတိကပ်ရပါအုံးမယ်။ အရေးအကြီးဆုံးတစ်ချက်က ဘယ်လိုယာဉ်ပဲ မောင်းမောင်း၊ ကုန်တင်ကားလို ယာဉ်ကြီးတွေရဲ့ နောက်ကနေ ကပ်လိုက်တာကို ရှောင်ပြီး မိုးသည်းထန်နေချိန်ဆိုရင် ကားမီးကြီးကို ဖွင့်ထားဖို့ အကြံပြုပါတယ်။ မိုးတွင်းမှာ ကားနဲ့ အပြင်ထွက်တော့မယ်ဆိုရင်လည်း ဆီဂိတ်တွေ၊ ဘရိတ်တွေ၊ တာရာတွေနဲ့ ဝိုက်ပါတွေကို အမြဲစစ်ဆေးသင့်ပါတယ်။

****************************************

 

(၅) သတိထားမိပေမဲ့ သတိမထားမိတာလေးတွေ . . .

 

ပထမတစ်ချက်က အိမ်တွေမှာ ဆင်ထားတဲ့ မီးလိုင်းတွေ၊ ဝါယာလိုင်းတွေက မိုးကြီးလေကြီးဖြစ်လို့ အိမ်တွေရဲ့ နံရံစပ်ကြားတွေကနေ ရေတွေ စိမ့်ခဲ့ရင် ရေဝင်ပြီး ရှော့ဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကိုယ့်အိမ်က နံရံတွေ၊ မျက်နှာကျက်တွေကို အမြဲစစ်ဆေးပါ။ မိုးလေကြီးနေချိန်ဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားတာက အန္တရာယ်ကင်းပါတယ်။

 

နောက်ပြီး ပြတင်းပေါက်တွေကို အပြင်သွားတဲ့အခါတိုင်း သေချာစစ်ဆေး ပိတ်သွားဖို့ မမေ့ပါနဲ့။ မိုးတိတ်နေတဲ့ အချိန်မှာ အပြင်ထွက်သွားတတ်သူ အများစုက ပြတင်းတံခါးတွေကို ပိတ်ဖို့ မေ့လျော့တတ်ပါတယ်။ အတော်လေး ယေဘုယျဆန်တဲ့ ကိစ္စပေမဲ့ သတိမမူမိရင် နောက်ဆက်တွဲဖြစ်လာနိုင်တာတွေ အတော်များလို့ မိုးရွာရွာ၊ မရွာရွာ အပြင်သွားဖို့ရှိရင် ပြတင်းပေါက်လေးတွေ ပိတ်သွားပါနော်။

 

နောက်ဆုံးတစ်ချက်ကတော့ ဘယ်သွားသွား ထီးတွေ၊ မိုးကာတွေ အသင့်ဆောင်သွားဖို့ပါ။ ပိုက်ဆံအိတ်၊ လွယ်အိတ်တွေထဲ အလွယ်ထည့်သွားလို့ ရတဲ့ ခေါက်ထီးလေးတွေနဲ့ မိုးကာအင်္ကျီလေးတွေကို အပိုအမြဲ ထည့်ဆောင်ထားရင် တကယ်လို့ ကိုယ်က မေ့လျော့ပြီး မယူခဲ့မိရင်တောင် အဆင်ပြေစေနိုင်ပါတယ်။

 

ဒီလောက်ဆိုရင် CJ Platform ကို အစဉ်အမြဲ ဖတ်ရှုအားပေးနေတဲ့ မိဘပြည်သူတို့လည်း မိုးတွင်းကာလ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို အထိုက်အလျောက် သတိတရရှိသွားပြီလို့ ထင်ပါတယ်။ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဒီကဏ္ဍလေးမှာ ဆက်လက်မျှဝေပေးသွားဖို့ရှိလို့ ဆက်ဆက်စောင့်မျှော်ပေးပါအုံးနော်။