ရိက္ခာရှာစစ်ကြောင်း တိုက်ခိုက်ခံရပြီး သုံးဦးသေ ခုနစ်ဦး ထိခိုက်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Apr 27, 2024

မကွေးတိုင်း ၊ မြိုင်မြို့နယ်တွင် ဧပြီ ၂၆ရက်နေ့ နံနက် ၉နာရီခန့်က ကိုင်းတောမရဲစခန်းနှင့် ရေစက်တွင်းမှ ရိက္ခာရှာရန်ထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်ရာ  သုံးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (၂) (Thu Rain TR) တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်သားများနှင့် မီတာ ၂၀ အကွာအဝေးမှ အနီးကပ် ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ၊  တိုက်ခိုက်ခြင်းခံရသောကြောင့် ပြန်လည်ဆုတ်ခွာပြေးသွားသည့် စစ်ကောင်စီတပ်သားများကို မိုင်းပွိုင့်ထပ်ဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

“အပြန်အလှန် ထိတွေ့ပစ်ခတ်တာ ၁၀ မိနစ်လောက်ရှိမယ် ၊ သုံးဦးကတော့ မျက်မြင်သေဆုံးခဲ့ပါတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) (Thu Rain TR) တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါတိုက်ပွဲကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့များဖြစ်သော ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ၄ စင်္ကြာတပ်ဖွဲ့၊ မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း(၁)ခွဲ(၁)၊ ခွဲ(၂)နှင့် မုန်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူပင် ဧပြီလ ၂၆  ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကန်ပျုရွာမှ တောင်ဘက်သို့ ထွက်ခွာလာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများကို ကာကွယ်ရေးအဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင်ပျုစောထီး ဦးခိုင်လွင်သည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး   အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG) က သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – Young Force UG