ရေမျက်နီရဲစခန်းကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်၊ ထိခိုက်သူအချို့ရှိဟုဆို

Author မင်းထက်
Categories
Published on Apr 27, 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အင်အား ၆၀ ခန့် အထိုင်ချထားသည့် အဆိုပါရဲစခန်းအတွင်းသို့ ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက် ၇ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တို့တွင် Fixed Wings ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး နှစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

 

ညနေတိုက်ခိုက်မှုအတွင်း ဗုံးသံကြောင့် ဘန်ကာဆီ ထွက်ပြေးသော စစ်သားများကို အနီးကပ်အသင့်စောင့်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

 

ထိတွေ့မှုအတွင်း စစ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း YRA ထီးလင်းရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

 

“မနက်ခင်း တိုက်ခိုက်တာတော့ ကျွန်တော်တို့သတင်းမရရှိဘူးဗျ။ စခန်းမှာ ၅၀၊ ၆၀ လောက် ရှိတယ်။ ရေမျက်နီရွာကလည်း မကြာသေးခင်က မီးလောင်ထားတော့ ရွာထဲစစ်ကြောင်းထိုး ရိက္ခာရှာတာလောက်ပဲရှိမယ်” ဟု ၎င်းက ပြောသည်။

 

ထီးလင်းမြို့နယ်နှင့် ၂၅ မိုင်ခန့်အကွာရှိ ရေမျက်နီရွာကို ဧပြီလ ၃ ရက်နေ့တွင် အင်အား ၁၅၀ ခန့်ရှိသော ကျောမြို့အခြေစိုက် ကပစ-၂၃ မှ စစ်ကောင်စီတပ်သားများအပါအဝင် ရေမျက်နီရွာရဲစခန်းရှိ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ယင်းကျေးရွာအတွင်းရှိ နေအိမ်များကို မီးဝင်ရောက်မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ ၄၀၀ ကျော်ရှိသည့်အနက် တစ်ဝက်ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ရေမျက်နီနယ်မြေရဲစခန်းကို ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းကတည်းကပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သည့်အတွက် ယင်းရွာအတွင်းရှိ ဒေသခံများ ထွက်ပြေးနေခဲ့ရသည်။

 

ထို့ပြင် YRA ထီးလင်းတပ်ဖွဲ့မှ ရေမျက်နီနယ်မြေရဲစခန်းကို မတ်လ ၃၀ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၃ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်လည်း တိုက်ခိုက်ခဲ့ရာ ယင်းသုံးကြိမ်အတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ထို့အတူ ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်က ထီးလင်းမြို့နယ်၊ ရွှေအောင်သာရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို Fixed Wing ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဂိုထောင်အဖြစ် အသုံးပြုနေသည့် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အစောင့်စစ်သား နှစ်ဦး သေဆုံးကာ ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ရုပ်သံ – YRA ထီးလင်းတပ်ဖွဲ့