တစ်ပတ်ခန့်ကြာ ပိတ်ထားသော မြဝတီအမှတ်(၁)တံတား ယနေ့ပြန်ဖွင့်

Author အညာသား
Categories
Published on Apr 27, 2024

မြဝတီမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်စဖြစ်ခဲ့သော ဧပြီ ၂၀ ရက်မှစတင်ပိတ်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ်(၁)တံတားကို တစ်ပတ်ခန့်အကြာ ယနေ့နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။

 

ထို့ကြောင့် မြန်မာဘက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဝင်ရောက်မည့်သူများနှင့်ပြည့်နှက်နေသကဲ့သို့ ထိုင်းဘက်ခြမ်းတွင်လည်း နေထိုင်ခွင့်လက်မှတ်သက်တမ်းတိုးလိုသူများ မျက်စိတစ်ဆုံးထိရှည်လျားစွာ တန်းစီစောင့်ဆိုင်းနေသည်ကို လူမှုကွန်ရက်အတွင်း ပြန့်နှံ့လာသည့် ဓာတ်ပုံ၊ ဗီဒီယိုများအပြင် ယင်းတံတားအနီး ရောက်ရှိနေသူများထံမှ သိရသည်။

 

“တံတားပြန်ဖွင့်ပြီ။ လူတန်းကတော့ Seven Eleven အထိ ရှိတယ်” ဟု ထိုင်းဘက်ခြမ်းရှိ အခြေအနေကို ယင်းနေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

 

ထိုရက်များအတွင်း မြန်မာဘက်ခြမ်းကသာ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက ဖွင့်လှစ်ထားခဲ့သည်။ ယနေ့ ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ် ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ထိုင်းဘက်မှ သက်တမ်းတိုးရန် သွားရောက်သူအချို့ မြဝတီမြို့အတွင်း ပိတ်မိနေခဲ့သူများရှိခဲ့ပြီး အချို့မှာ အောက်လမ်းမှ ငွေပိုပေး၍ ကူးခဲ့ရသူများလည်းရှိသည်။

 

“ဖွင့်ပြီဆိုပြီးတော့ သွားတာ။ ထိုင်းဘက်က အထွက်တုံးထုပြီးတော့မှ မြန်မာဘက်ခြမ်းက ပိတ်ထားတယ်ဆိုတာ သိရတာ။ ပြန်ဖွင့်နိုးနဲ့ စောင့်နေသေးတယ်။ ညနေအထိ မဖွင့်တဲ့အဆုံး အောက်လမ်းကနေကူးတာ ဘတ် ၁၇၀၀(ကျပ်တစ်သိန်းရှစ်သောင်းခန့်)လောက်ကုန်သွားတယ်။ ပြန်ဖွင့်ရင်လည်း အောက်လမ်းက ကူးပြီးမှ ပြန်လုပ်ရမှာ” ဟု ၁၄ ရက်နေထိုင်ခွင့်လက်မှတ်(စာအုပ်အပြာ)ကိုင်ဆောင်ထားသူ အမျိုးသမီးက ပြောသည်။

 

ကမ်းကူးခွင့်လက်မှတ် ဒဏ်ကြေးပေးဆောင်မှုကို လျှော့ပေးမည်ဟု ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောဆိုထားသည်။

 

အမှတ်(၁)တံတားမှ ပြန်လည်ဖြတ်သန်းခွင့်ပြုပေးခဲ့ရာတွင် ယခင်တံတားပိတ်စဉ် ခုနစ်ရက်သက်တမ်းရှိ တံတားကူးလက်မှတ်(စာအုပ်စိမ်း)၊ မြဝတီ အိမ်ထောင်စုစာရင်းဖြင့် ၁၄ ရက်သက်တမ်းအထိနေထိုင်နိုင်သည့် လက်မှတ်(စာအုပ်ပြာ)တို့ဖြင့် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ ကူးသန်းသွားလာနေသည့် ဒေသခံများနှင့် သွားရောက်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် သက်တမ်းတိုးရန် လေးရက်ပျက်ကွက်ထားပါက ဒဏ်ကြေးငွေ ဘတ် နှစ်ရာပေးဆောင်ကာ တစ်ရက်၊ နှစ်ရက်ပျက်ကွက်သူများကို ဒဏ်ကြေးငွေ ဘတ်တစ်ရာပေးဆောင်စေ​ပြီး လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ သွားရောက်သက်တမ်းတိုးခဲ့သူများထံမှ သိရသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းမဟာမိတ်တပ်များက ဧပြီ ၁၉ ရက် နေ့ညပိုင်းတွင် မြဝတီ မြို့စောင့်တပ် ခလရ-၂၇၅ မှ စခန်းစွန့်ခွာ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်။

 

ထို့နောက် ဧပြီ ၂၀ ရက် နံနက်အစောပိုင်းတွင် ၎င်းတို့ပုန်းခိုနေသည့် တံတားအောက်သို့ KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်မှုတို့ကြောင့် ဒေသတွင်း စစ်ရေးရေချိန် စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့သဖြင့် ထိုင်း-မြန်မာ နှစ်ဘက်စလုံးမှ ကုန်သွယ်ရေးတံတား အမှတ်(၂)နှင့် ချစ်ကြည်ရေးတံတား အမှတ်(၁)တို့ကို ဧပြီ ၂၀ ရက်နေ့မှစတင်ကာ ယာယီဖြတ်သန်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ယနေ့ပြန်ဖွင့်သည့် အမှတ် ၁ တံတားသို့ သက်တမ်းတိုးရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့မြင်ရစဉ်