လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

Author ကိုထားဝယ်
Categories
Published on Apr 27, 2024

စစ်ကောင်စီ၏ ပြည်သူအချင်းချင်းသတ်ဖြတ်ခိုင်းမည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်အမျိုးသား/အမျိုးသမီးများ နေရာမျိုးစုံသို့ ရှောင်တိမ်းနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေသည်ဟု ပြောကြားလိုက်ပြန်သည်။

 

ယမန်နေ့ ဧပြီ ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ၂၀၂၃-၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များတွေ့ဆုံပွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဩဝါဒစကားအဖြစ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်ခေါင်းဆောင်သည် လူငယ်များသည် ပြည့်ခွန်အားများဖြစ်သကဲ့သို့ နိုင်ငံတည်ဆောက်ရေး အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် လူငယ်များ၏ စွမ်းဆောင်ရည်အပေါ်မူတည်သည်ဟု ယမန်နေ့တွေ့ဆုံပွဲအတွင်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။

 

“ဒါကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ လူငယ်များအနေနဲ့ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ဖို့အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

 

စစ်ကောင်စီလက်အောက်ရှိ လက်အောက်ငယ်သားများကို လက်ညှိုးထောင်ခေါင်းညိတ် နည်းလမ်းဖြင့် အဆင့်ဆင့်အုပ်ချုပ်နေသော စစ်ခေါင်းဆောင်က လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန် ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဟု တိုက်တွန်းသည်။

 

 

ဆက်လက်ပြီး ယဉ်ကျေးမှုအမွေအနှစ်များနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်ကို အကျိုးပြုရန်၊ လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သည့် စိတ်ဓာတ်၊ အလေ့အကျင့်များနှင့် ဝင်ဆံ့အကျိုးပြုနိုင်ရန် လေ့လာသင်ယူပြီး ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် လူရည်ချွန်ရွေးပွဲများကို ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်မှစတင်ရပ်နားခဲ့သော လူရည်ချွန်ရွေးပွဲကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တရပ်နားခဲ့ရသည်။ ထို့နောက် အာဏာသိမ်းပြီးချိန် ၂၀၂၂-၂၃ ပညာသင်နှစ်မှစပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

လူငယ်လူရွယ်များအပါအဝင် ပြည်သူအများအပြား အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူပြည်သူအပေါင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲရန် လမ်းမများပေါ်ထွက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်ကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့ကြသည်။

 

ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုခဲ့သည်။ ထိုဥပဒေအရ အမျိုးသား အသက် ၁၈ မှ ၃၅ နှစ်အထိ၊ အမျိုးသမီး အသက် ၁၈ မှ ၂၇ နှစ်အထိနှင့် အသိပညာရှင်၊ အတတ်ပညာရှင်အမျိုးသားဖြစ်ပါက အသက် ၄၅ နှစ်အထိနှင့် အမျိုးသမီးဖြစ်ပါက ၃၅ နှစ်အထိ ကာလ ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ပြီး မလိုက်နာပါက ထောင် ၆ နှစ်အထိကျခံရမည်ဟု ခြိမ်းခြောက်ပြဌာန်းထားသည်။

 

ဓာတ်ပုံ – MOI