ရန်ကုန်၊ တောင်ဒဂုံမှာ ပျူနဲ့ လူမိုက်တွေပေါင်းပြီး VPN စစ် ငွေညှစ်နေ

Author ကိုထက်
Categories
Published on Jul 02, 2024

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်နဲ့ လူမိုက်တွေ ပူးပေါင်းပြီး ဖုန်းထဲ VPN ရှိမရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်နေတယ်လို့ အဲဒီမြို့နယ်နေသူများထံမှ သိရပါတယ်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၆ ရပ်ကွက်၊ ၇၀/၇၁ ရပ်ကွက်တို့မှာ စစ်သားတွေမဟုတ်ဘဲ ပျူနဲ့ လူမိုက်တွေဟာ အလုပ်ဆင်းလာသူတွေရဲ့ ဖုန်းတွေ ယူစစ်တယ်လို့ ၅၆ ရပ်ကွက်နေ ပြည်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“VPN တွေ့ရင် ငါးထောင်ဖြစ်ဖြစ်၊ တစ်သောင်းဖြစ်ဖြစ်ပေးရတယ်။ မပေးရင် စစ်တပ်ဆီ ဖမ်းပို့မယ်ဆိုပြီး ခြိမ်းခြောက်တာ။ ဒါက တရားမဝင်ဘူးပေါ့။ အဲဒီလိုပြောပြီးကို လုပ်တာ” လို့ ၎င်းက ပြောပါတယ်။

 

တောင်ဒဂုံမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ လူမိုက်အသွင်ပြောင်း ပျူစောထီးနဲ့ လူမိုက်တွေကို လက်နက်တပ်ပေးထားပြီး ရပ်ကွက်များအတွင်း ပြန်လည်ထိန်းကျောင်း ခိုင်းထားတယ်လို့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။

 

“တောင်ဒဂုံမှာက စစ်တပ်ကလူမိုက်တွေကို မွေးပြီး ပျူစောထီးအဖွဲ့လိုလုပ်ပြီးကို လက်နက်တွေပေးကိုင်ပြီး၊ ရပ်ကွက်တွေမှာ ပြန်ထိန်းခိုင်းတာ။ အဲဒီကောင်တွေပဲ အခုက ကြောက်နေရတယ်။ ရပ်ကွက်တွင်း ရန်ဖြစ်တာတို့၊ ကုန်ကုန်ပြောရရင် လင်မယားရန်ဖြစ်တာတောင် မဖြစ်ရဲသလောက်ပဲ။ ရုံးကိုခေါ် ထိုးကြိတ်ကန်ကြောက်ပြီးကို ရမ်းကားနေတာ” လို့ ၇၁ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

မေလနှောင်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ VPN အသုံးပြုရခက်ခဲအောင် စစ်ကောင်စီက ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဇွန်လ ဒုတိယပတ်ထဲကစလို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း VPN စစ်ဆေးမှုတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီမှာ လာဘ်စားမှု၊ ခြိမ်းခြောက်မှု၊ ငွေညှစ်မှုတွေအများအပြားကို စစ်ကောင်စီတပ်သားတွေနဲ့ ၎င်းတို့ရဲ့လက်အောက်ခံတွေက ပြုလုပ်နေကြပါတယ်။

 

စစ်ကောင်စီက ၂၀၂၁ ခုနှစ်ကရေးဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ထဲ VPN သုံးဖို့ ခွင့်ပြုချက်တင်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရရင် တရားမဝင်ဘူးလို့ အခန်း ၁၅ ပုဒ်မ ၆၂ မှာ ဖော်ပြထားပါတယ်။ မလိုက်နာရင် ပုဒ်မ ၉၀ အရ ထောင်ဒဏ် ၁ နှစ် မှ ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်