မတ္တရာမှာ စစ်ကောင်စီ တပ်စခန်း ၈ ခု၊ လက်နက်ချစစ်သား ၆၀ ကျော်နဲ့ လက်နက် ၁၂၀ ကျော်ရထားပြီလို့ MDY-PDF ကြေညာ

Author ကိုထားဝယ်
Categories
Published on Jul 02, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)နဲ့ ပူးပေါင်းအဖွဲ့ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်း ရှစ်ခု၊ လက်နက်ချ စစ်သား ၆၀ ဦးကျော်နဲ့ လက်နက်မျိုးစုံ ၁၂၅ ခု တို့ကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ ဒီနေ့ ဇူလိုင် ၂ ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

MDY-PDF အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်သော မြေနီတောင် စတဲ့ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံစစ်သား ၆၄ ဦး ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၎င်းတို့ရဲ့ တပ်မိသားစုဝင် စုစုပေါင်း ၁၁၇ ဦးခန့်တို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီတိုက်ပွဲတွေကနေ‌ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးတိုက်ပွဲများကို မန်း PDF နဲ့အတူ ဒေသခံ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေပြီး စစ်ကောင်စီပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

 

ဇွန် ၂၅ ရက်က စခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း MDY-PDF အနေနဲ့ တအောင်းတပ် TNLA နဲ့အတူ မန္တလေးက မိုးကုတ်နဲ့ မတ္တရာအပြင် ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲမြို့တို့မှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

 

Related News

Depend on news