စစ်အုပ်စုရွေးကောက်ပွဲကျင်းပမယ့် ဟားခါးနဲ့ ဖာပွန်မှာ တိုက်ပွဲပြင်းထန်နေ
မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု ရွေးကောက်ပွဲကျင်းပဖို့ရှိနေတဲ့ ချင်းပြည် ဟားခါးမြို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းလဲန်ကောင်စီ (CC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံက သိရပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး (CDF-Hakha) နဲ့ စစ်အုပ်စုတပ်ဖွဲ့တွေကြား ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“အသေးစိတ်ကိုတော့ မသိရသေးဘူး။ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမယ့် လုပ်ငန်းစဉ်တွေထဲက တစ်ခုပါ” လို့ ဆလိုင်းထက်နီက CJ Platform ကို ပြောပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ထန်တလန်နဲ့ တွန်းဇံတို့မှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ပေမယ့် တီးတိန်မြို့နဲ့ ဟားခါးမြို့ပေါ်ရပ်ကွက်အချို့ မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပါတယ်။
တီးတိန်မြို့မှာရှိတဲ့ အမှတ် ၂၆၉ ခြေလျင်တပ်ရင်းမှာလည်း စစ်အုပ်စုက စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ CDF Siyin ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ထုတ်ပြန်ထားပြီး လုံခြုံရေးအခြေအနေကြောင့် လမ်းပိုင်းအချို့ ပိတ်ထားရပါသေးတယ်။
ဒါ့အပြင် ကရင်ပြည် ဖာပွန်မြို့မှာလည်း စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု အမှတ် ၁ စစ်ဗျူဟာအခြေချ (စဗခ ၁) တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဖာပွန်မြို့က စစ်အုပ်စု စစ်ဗျူဟာတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တဲ့အခြေအနေကို အတည်ပြုနိုင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော် (ဖာပွန်) ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောကလယ်ဒိုးနဲ့ စခန်းသိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်နေတဲ့ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းတို့ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်တဲ့ ဖာပွန်မြို့မှာ စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း (၂) ကို ဆက်လက်ကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲကို လာမယ့်နှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအုပ်စုအချို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပသွားမှာဖြစ်ပေမယ့် မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အုပ်စုထုတ်ပြန်ထားတဲ့ မြို့နယ်အချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါသေးတယ်။
ဓာတ်ပုံ – CDF-Hakha
ပုံစာ – CDF တပ်ဖွဲ့ဝင်များကို မြင်ရပုံ (ပုံဟောင်း)
