မောတောင်မြို့မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်
တနင်္သာရီတိုင်း ၊ မောတောင်မြို့မှာ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို မယုံကြည်ကြောင်းနဲ့ ကန့်ကွက်ကြောင်းကို ဒေသခံပြည်သူတွေက ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့၊ မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီသပိတ်စစ်ကြောင်းကို မြို့ခံလူငယ်တချို့က ဦးဆောင်ခဲ့ပြီး မောတောင်မြို့ အဓိကလမ်းမကြီး တစ်လျှောက်နဲ့ မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ လှည့်လည်ပြီး စစ်အုပ်စုရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း နဲ့ “ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက် “ စတဲ့ စာသားတွေကိုကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

“စစ်အာဏာရှင်လုပ်မယ့်ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်လို့ ပြောပေမယ့် တကယ်တော့ ထောင်ချောက်တစ်ခုဆိုတာ သိစေချင်လို့ ဆန့်ကျင်ဆန္ဒပြကြတာပါ။ တစ်နိုင်ငံလုံးက သူတို့ကို ငြင်းပယ်ထားပြီးသားပါ။ ဒီရွေးကောက်ပွဲကလည်း အရှက်မရှိလုပ်လည်း မဖြစ်နိုင်ဘူးဆိုတာသိအောင် အားလုံး ပူးပေါင်းဆန့်ကျင်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေလည်း မဲမထည့်ဘဲ သပိတ်မှောက်ကြဖို့ ပြောချင်ပါတယ်” လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက CJ Platform ကတစ်ဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ဆောင်နေကြချိန်ဖြစ်တာကြောင့် ဖယ်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

မောတောင်မြို့ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အခုလို လွတ်မြောက်နယ်မြေဖြစ်လာချိန်မှာ ဒေသခံတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် တက်ကြွစွာ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုအေကေ
