အတုအယောင်ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက ကန့်ကွက်ထားချိန် အိန္ဒိယ၊ ရုရှားနဲ့ တရုတ်တို့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရောက်ရှိလာ


စစ်အုပ်စုနဲ့ မိတ်ဖက်ဆက်ဆံရေးရှိတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့အတွက် မနေ့က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ကို ရောက်ရှိနေပြီလို့ စစ်အုပ်စုက ထုတ်ပြန်လာပါတယ်။

 

မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ကာဇက်စတန်၊ ဘယ်လာရုစ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က ကိုယ်စားလှယ်တွေလည်း မနေ့က ရောက်ရှိလာတယ်လို့ စစ်အုပ်စုက ဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံကလည်း သူတို့ဆီကနေ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ပွန်ကက်ကောင်းရဲ့ ပြောကြားမှုကို ဂျပန်သတင်းဌာန NHK ကလည်း ဒီဇင်ဘာ ၂၀ ရက်မှာ ဖော်ပြထားပါတယ်။

 

ဖိလစ်ပိုင်၊ နီပေါနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့ကလည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့အတွက် ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ရှိနေတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြထားပေမယ့် စစ်အုပ်စုဘက်ကတော့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံ ပဋိပက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေမှာဖြစ်တယ်လို့ အာဆီယံ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချထားပါတယ်။

 

ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာချိန်ထိ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဟာ အရပ်သားတွေအပေါ် အကြောက်တရားတွေ သွတ်သွင်းနေတဲ့ စစ်အုပ်စုရဲ့ စစ်ဆင်ရေးတစ်ခုသာဖြစ်တယ်လို့ မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီကလည်း မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပြောကြားထားပါတယ်။

 

စစ်အုပ်စု ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို အခြားပါတီပေါင်း ၅၆ ခုကလည်း ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

 

ပြည်သူထောက်ခံမှု အများဆုံးရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပြန်လည်မှတ်ပုံမတင်တာကြောင့် စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီကနေ ၂၀၂၃ မတ်လမှာ ပယ်ဖျက်ခဲ့သလို အခြားပါတီ ၉ ခုကိုလည်း ပယ်ဖျက်ထားပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC