ကမ္ဘောဒီးယားကနေ ပြန်ပို့တဲ့ မြန်မာ ၇၀၀ ကျော် စစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အန္တရာယ်ရှိနေ
ကမ္ဘောဒီးယားနိုင်ငံထဲက အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) မှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာတွေကို စစ်အုပ်စုတာဝန်ရှိသူတွေက မြန်မာနိုင်ငံထဲ ပြန်လည်ခေါ်ဆောင်လာချိန် စစ်မှုထမ်း စုဆောင်းခံရနိုင်တဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။
ကမ္ဘောဒီးယားကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းချိန် ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၇၂၉ ဦးကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကစပြီး စစ်အုပ်စုသံရုံး တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားကနေ စစ်အုပ်စုလက်ထဲ လွှဲပြောင်းခံရသူတွေထဲမှာ အသက်အရွယ်ပြည့်မီသူတွေက ပါဝင်ရင် စစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာကြောင့် နောက်ဆက်တွဲ စိုးရိမ်ရတဲ့ အခြေအနေလည်း ရှိနေတယ်လို့ ကိုနောင်ရိုးက CJ Platform ကို ပြောပါတယ်။
“ဒီကာလမှာကျတော့ သူတို့က စစ်မှုထမ်းခေါ်ဆောင်မှုတွေ၊ စစ်ဆေးမှုတွေလည်း ရှိနေတော့ နောက်ဆက်တွဲ စိုးရိမ်စရာရှိတာပေါ့။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ မဟုတ်ဘူး။ သူတို့လက်ထဲကနေ သယ်ထုတ်လာတယ်ဆိုရင် ဘယ်နေရာကိုပဲပို့ပို့ အသက်အရွယ်အနေအထားအရဆိုရင်တော့ စစ်မှုထမ်းနောက်ဆက်တွဲ အန္တရာယ်ရှိတဲ့ အနေအထားလို့ ပြောလို့ရတယ်” လို့ ကိုနောင်ရိုးက ပြောပါတယ်။
စစ်အုပ်စုက သူတို့ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ၃ ကြိမ်ခွဲပြီး စစ်လေယာဉ်နဲ့ မြန်မာ့လေကြောင်းလိုင်း (MAI) တို့ကို အသုံးပြုပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မြိတ်လေတပ်စခန်းတို့ကို ပို့ဆောင်နေတယ်လို့ စစ်အုပ်စုလက်အောက်ခံ ဒီနေ့ ဇန်နဝါရီ ၂၇ ရက်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက မြိတ်မြို့ကို ရောက်ရှိလာသူတွေကို စစ်အုပ်စု ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ တာဝန်ရှိသူတွေက မနေ့က ဇန်နဝါရီ ၂၆ ရက်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း စစ်အုပ်စုက ဖော်ပြထားပါတယ်။
နိုင်ငံထဲ ပြန်လည်ရောက်ရှိလာတဲ့ ကမ္ဘောဒီးယားကျားဖြန့်ဂိုဏ်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စာရင်းကောက်ယူထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ်တွေကို အဓမ္မစုဆောင်းမှုတွေရှိနေပြီး ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဂိတ်တွေကနေတစ်ဆင့် စစ်အုပ်စုလက်ထဲ ပြန်လည်လွှဲပြောင်းပေးချိန် အဓမ္မတပ်သားသစ် စုဆောင်းခံရမှုတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
