ဒေါ်ကြည်ပြာနဲ့ တိုင်ကြားသူတွေအကြား စုံစမ်းစစ်ဆေးမှုဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးဖို့ NUG ယာယီသမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးပို့သွားမယ်လို့ တိုင်ကြားသူတွေ ပြော

Author CJ Platform
Categories
Published on Jan 27, 2026

လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ တိုင်ကြားခံထားရတဲ့ ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုဆုံးဖြတ်ချက်ကို မထုတ်ပြန်ရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဆီ အိတ်ဖွင့်ပေးစာ ပေးပို့သွားမယ်လို့ တိုင်ကြားသူတွေက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ ရာထူးကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကို နိုဝင်ဘာ ၂၂ ရက်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

တိုင်ကြားခံရသူ ဒေါ်ကြည်ပြာနဲ့ တိုင်ကြားသူတွေကို ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ NUG အစိုးရအဖွဲ့ဝင် ၅ ဦးက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ရက်ပေါင်း ၆၆ ရက်အကြာ ဒီနေ့ ဇန်နဝါရီ ၂၇ ရက်အထိ စုံစမ်းစစ်ဆေးမှုဆုံးဖြတ်ချက် မထုတ်ပြန်လာတာကြောင့် အိတ်ဖွင့်ပေးစာ ပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့ တိုင်ကြားသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့တော့ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခွင့်ပြုဖို့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ NUG ဂုဏ်သိက္ခာ ထိန်းသိမ်းနိုင်ရေး နောက်ဆုံးကြိုးစားမှု ပြုဖို့ ရှိပါမယ်ခင်ဗျ။ ဒီရက်ပိုင်းထဲမှာ အိတ်ဖွင့်တောင်းဆိုလွှာအနေနဲ့ ပို့သွားမှာပါ” လို့ ဆိုပါတယ်။

 

စုံစမ်းစစ်ဆေးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး NUG စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ဖို့အတွက် အချိန်ကြန့်ကြာနေမှုအပေါ် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က ဆက်သွယ်မေးမြန်းချိန် “သီးခြားမှတ်ချက်ပေးစရာ မရှိသေးပါဘူး” လို့ ပြန်လည်ဖြေကြားထားပါတယ်။

 

ဒေါ်ကြည်ပြာက သူ့ကို တိုင်ကြားထားသူ ၁၂ ဦးကို NUG အစိုးရ အကြည်ညိုပျက်စေမှု၊ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှု စတဲ့ စွပ်စွဲချက် ၆ ချက်နဲ့ တုံ့ပြန်တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့ တိုင်ကြားသူတွေဘက်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

 

“ကျွန်တော်တို့ကတော့ စိတ်ရှည်ရှည်ထားပြီး ဥပဒေနဲ့ စည်းကမ်းလိုက်နာတဲ့ နိုင်ငံသားတွေအနေနဲ့ပဲ ဒီအခြေအနေကို ချဉ်းကပ်နေတာပါ။ တန်ပြန်တိုင်ကြားမှုကြောင့် ကြာတယ်ဆိုရင်တော့ ဒါဆင်ခြေပါပဲ။ ကျွန်တော်တို့က ပြန်တိုင်တာက Afterthought လို့ ပြောတာကို NUG ဘက်က မဟုတ်ဘူး ဒါက မူရင်းအမှုနဲ့ မသက်ဆိုင်တဲ့ New Accusation လို့ ပြန်ပြောထားတာပါ” လို့ တိုင်ကြားသူတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက PVTV နဲ့ အင်တာဗျူးမှာတော့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ပြောဆိုထားပြီး အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ ကိုယ်ကျိုးရှာမှုနဲ့ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှု ကျူးလွန်သူတွေကို လုံးဝခွင့်လွှတ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါသေးတယ်။

 

ဓာတ်ပုံ – ဒေါ်ကြည်ပြာ Facebook