“ရုန်းမထနိုင်ကြသေးတဲ့ စက်တင်ဘာရေဘေး”

Author မင်းထက်၊ ကိုထက်၊ Gold
Categories
Published on Oct 27, 2024

စစ်ခေါင်းဆောင်က နှစ် ၅၀ အတွင်း၊ ဒုစစ်ခေါင်းဆောင်က နှစ် ၈၀ ကနေ ၁၀၀ အတွင်း အဆိုးရွားဆုံးလို့ ပြောဆိုနေကြတဲ့ စက်တင်ဘာရေဘေးကနေ ရေဘေးဒဏ်ခံ ပြည်သူတွေ ရုန်းမထနိုင်ကြသေးပါဘူး။ စစ်ကောင်စီက သုံးကြိမ်အလှူခံခဲ့ပြီး ကျပ် ၅၃ ဘီလျံလောက်အထိရခဲ့ပေမဲ့ တကယ်ခံစားနေရတဲ့ ပြည်သူတွေဆီလက်ထဲတော့ မရောက်လာကြသေးပါဘူး။ ရေဘေးသင့်အပြီး တစ်လကျော်ကြာတဲ့အထိ ရေဘေးဒဏ်ခံပြည်သူတွေဟာ ကိုယ်ထူကိုယ်ထရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေဘေးသင့်ဒေသတွေမှာ ဘာတွေဖြစ်နေသလဲ။ ရေဘေးဒဏ်ခံ ပြည်သူတွေ ဘာတွေခံစားနေရသလဲ။ လမ်းတွေပြင်ပြီးပြီလား။ အိမ်တွေ ပြန်ဆောက်ပြီးကြပြီလား စတဲ့ အသံတွေကို CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍကနေ ထုတ်ဖော်ပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“လမ်းတွေက မကောင်းသေးတော့ အိမ်တွေဘာတွေက မဆောက်ရသေးဘူး။ အိုးခွက်၊ ပန်းကန်တွေကတော့ အလှူရှင်လေးတွေရှိတယ်။”

 

တပ်ကုန်းမြို့နယ်၊ မန်ကျည်းကုန်းဒေသခံ အမျိုးသမီးတစ်ဦး

 

လမ်းတွေက မကောင်းသေးတော့ အိမ်တွေဘာတွေက မဆောက်ရသေးဘူး။ အိုးခွက်၊ ပန်းကန်တွေကတော့ အလှူရှင်လေးတွေရှိတယ်။ အိမ်တွေက အလှူရှင် လာလှူမယ် ကြားတော့ ကြားတယ်။ ခုက ဘတ်ဖိုးတွေနဲ့ လမ်းတွေ ပြင်နေကြတယ်။ ဒီနေ့(အောက်တိုဘာ ၂၃ ရက်) စလုပ်တယ်။ လမ်းက ချောင်းလိုကို ဖြစ်သွားတာ။ ဘတ်ဖိုးနဲ့ ကုတ်၊ တုံးတွေ ဘာတွေ ဖယ်ဖို့ လုပ်နေကြတာ။ အိမ် လုံးလုံး ပါသွားတာ ၁၁ ဦး။ တစ်ခြမ်းပဲ့ ပါကုန်တာတွေရော ၁၈ ဦးလောက်ရှိတယ်။ အိမ်တစ်လုံးဖြစ်ဖို့ကတော့ ကိုယ်ရှိတာလည်း အကုန်ပါသွားပြီဆိုတော့လေ။ အလှူရှင်တစ်ဦးက ထူထောင်ပေးမယ် ပြောတယ်။ သစ်ရောင်းတဲ့သူကတော့ ဥပမာ အပြင်မှာ ပေါက်ဈေးက ၁၅ သိန်းဆို ၇ သိန်း နဲ့ ရောင်းပေးမယ်ပေါ့။ သူများတွေကို မရောင်းဘဲ ချန်ထားမယ်ပေါ့။ အပြင်ကို မရောင်းဘဲ ရေမျောပါသွားသူတွေ ကို ဝိုင်းမယ်၊ ဝန်းမယ်ပေါ့။ ရွာထဲမှာ ခုထိ သန့်ရှင်းရေးတွေ လုပ်ကြနဲ့ဆိုတော့ ရွာသားတွေလည်း မအားနိုင်သေးဘူး။

****************************************

 

 

“အိုး‌တွေ၊ ခွက်တွေ ပါသွားတာတော့ရှိတယ်။ မိသားစုထဲကပဲ ပိုနေတဲ့အိမ်တွေက ပေးကြပေါ့။ အသားတော့ နည်းနည်းကျနေပါပြီ။”

 

တောင်ငူမြို့၊ ငါးလုပ်ငန်းရှင်တစ်ဦး

 

အဲဒီ(ရေကြီး)တုန်းကတော့ ကန်ပေါင်မှာ အိမ်တွေကို ကုန်းပေါ်မှာ ခေါ်ထားရတာပေါ့။ အိမ်တွေမျောပါသွားတာမျိုး မရှိဘူး။ ခု ရေပြန်ကျသွားတော့ ပြန်နေလို့ရပြီပေါ့။ အဝတ်အစား၊ ရေခဲသေတ္တာတွေ ရေဝင်တာရှိတယ်။ လိုအပ်ချက်က များများစားစားမရှိဘူး။ အိုး‌တွေ၊ ခွက်တွေ ပါသွားတာတော့ရှိတယ်။ မိသားစုထဲကပဲ ပိုနေတဲ့အိမ်တွေက ပေးကြပေါ့။ အသားတော့ နည်းနည်းကျနေပါပြီ။ အသင်းသား တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေ လိုက်ဖြည့်ပေးပေါ့။ ရေနစ်တဲ့ ဆိုင်ကယ်တွေ ပြန်ပြင်ပေါ့။ ပေါင်အိုးတွေ ပြန်ပြင်သုံးပေါ့။ ငါးကန်မှာလည်း အရင်တုန်းက ဘယ်ငါးက ဘယ်လောက်ဆိုပြီး စာရင်းရှိတယ်။ ခုကတော့ တစ်ပြင်လုံး ရေကျော်ထားတာဆိုတော့ ကန်ထဲက ရေတွေစုတ်၊ တစ်ကန်ချင်း ဖော်ပြီး မှတ်တမ်း ပြန်ယူရတယ်။ ကန်ဘောင်ပြင်ဖို့လည်း စက်တွေ၊ ယန္တရားတွေ မငှားတော့ဘူး။ ယန္တရားက အဆင်‌မပြေဘူး။ ပြိုတဲ့ ဘောင်တွေကို မြေအိတ်တွေနဲ့ လိုက်ပိတ်‌ပေါ့။ ငှားရမ်းရင်လည်း အဆင်မပြေဘူး။ စရိတ်ကလည်းကြီးပြီး အဓိကက ကုန်ကျစရိတ်ကလည်း မတတ်နိုင်ဘူး။ ကန်ဘောင်မြေတွေက ပျော့နေသေးတော့ ကိုယ့်လူနဲ့ကိုယ် အိတ်တွေနဲ့ ကာပေါ့။ ကိုယ့်အဖွဲ့သားတွေရဲ့ အင်အားနဲ့ လိုက်ပိတ်၊ အချိန်ယူရတာပေါ့။ ကိုယ့်မှာ ရှိတဲ့ ဘဏ္ဍာရေး အခြေအနေကိုလည်း ပြန်ကြည့်ရတာပေါ့။ မြန်မြန် မဟုတ်ဘဲ ‌ဖြေးဖြေးနဲ့ မှန်မှန် လုပ်နေတာပေါ့။ အမြန်လုပ်မယ်ဆိုရင်လည်း စရိတ်စက များတယ်လေ။

****************************************

 

“တောင်သူတွေမှာ စပါးတွေ သေကုန်တာ။ ဧကပေါင်း ထောင်‌တောင် ကျော်တယ်။ ရွှံ့တွေ ဖုန်းကုန်တာ။ ပြန်စိုက်ဖို့လည်း မမီတော့ဘူး။”

 

နေပြည်တော်၊ သာဝတ္ထိမြို့နယ်၊ လက်ပံတန်း-ပိန်းအင်းကျေးရွာက အမျိုးသားတစ်ဦး

 

လာအကူအညီပေးသူကရှိတော့ ရှိတယ်။ ခုက အင်္ကျီအဝတ်အစား‌နဲ့ စားဖို့သောက်ဖို့ပေါ့။ အဆင်မပြေသူတွေက လိုတာပေါ့ဗျာ။ ပြီးတော့ သောက်ရေကလည်း မရသေးဘူး။ ရေကြီးထားတာဆိုတော့ မရဘူးဆိုတာထက် ဝါနေတာပေါ့။ ရေက မြို့ထိ သွားဝယ်သောက်ရတယ်။ အိမ်မှာ မြုပ်နေတဲ့ ဆိုင်ကယ်တွေက အင်ဂျင်တွေ ပြန်ခွဲ လုပ်နေရတာပေါ့။ အိုးတွေ၊ ခွက်တွေကရော လူတိုင်းနီးပါး ပါကုန်ကြတယ်။ လာလှူသူရှိပေမဲ့ ရှားတယ်။ ခုက တောင်သူတွေမှာ စပါးတွေ သေကုန်တာ။ ဧကပေါင်း ထောင်‌တောင် ကျော်တယ်။ ရွှံ့တွေ ဖုန်းကုန်တာ။ ပြန်စိုက်ဖို့လည်း မမီတော့ဘူး။ ခုချိန်မှ ပြန်ကြဲရင်လည်း မတ်ပဲရာသီရောက်ပြီဆိုတော့ မမီတော့ဘူးဆိုတော့ မကြဲကြတော့ဘူးပေါ့။ တောင်သူတွေကကျ စပါးတွေကို စိုက်ကြတာ။ အစိုးရက အမတော်စိုက်ပျိုးရေး ချေးထားတာတွေက ပြန်မဆပ်နိုင်တော့ဘူး။ အကြွေးတွေ ပတ်ကုန်တာပေါ့။ မျိုးဖိုးတွေ၊ ဆေးဖိုးတွေ၊ စက်ဖိုးတွေ အကုန်အကြွေးတင်တာ။ လယ်ယာမြေပျက်စီးတော့ ကူလီနေ့စားလိုက်စားတဲ့ လူတွေလည်း အဆင်မပြေကြဘူးပေါ့။ လမ်းကလည်း ခုထိ သွားလို့လာလို့ အဆင်မပြေသေးဘူး။

****************************************

 

“ပြန်လည်ထူထောင်ရေးကျတော့ ဘာမှကို ရေရေရာရာအခုထိမရှိသေးဘူး။ အိမ်ပြန်မဆောက်နိုင်သေးတဲ့သူတွေကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခဏတာနေနေရတုန်းပဲပေါ့။”

 

အသက် ၄၀ အရွယ်ရှိ ကလောမြို့ခံအမျိုးသား

 

ပြိုသွားတဲ့အိမ်တွေကတော်တော်များများကို မဆောက်ရသေးဘူး။ လမ်းတွေလည်းမပြင်ရသေးတော့ သွားရေးလာရေးက အခုထိ ခက်ခဲနေသေးတယ်ပေါ့။ ဒီကြားထဲ တန်ဆောင်တိုင်ပွဲတော်က လုပ်ဦးမယ်။ ပြန်လည်ထူထောင်ရေးကျတော့ ဘာမှကို ရေရေရာရာအခုထိမရှိသေးဘူး။ အိမ်ပြန်မဆောက်နိုင်သေးတဲ့သူတွေကတော့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခဏတာနေနေရတုန်းပဲပေါ့။ ရန်ကုန်က ပရဟိတအဖွဲ့တွေလည်း ကူကြပါတယ်။ တစ်သုတ်ပြီးတစ်သုတ်ပဲရောက်လာတာ။

****************************************

 

 

“ဆုံးရှုံးတာတွေတော့ အများကြီးပေါ့။ အိမ်က ပစ္စည်းပစ္စယတွေ ပြင်ရဆင်ရ၊ လယ်တွေရှုံးတော့ အခုတခြားပဲလေးဘာလေးစိုက်ပျိုးပြီး ရှိတာနဲ့ ပြန်ထူထောင်ရတာပါပဲ။”

 

မန္တလေးတိုင်း၊ သာစည်မြို့နယ်ဒေသခံအမျိုးသမီးတစ်ဦး

 

အစ်မတို့ကတော့ အိမ်တွေဘာတွေတော့ ဆုံးရှုံးတာမရှိဘူး။ ရေ၀င်တာက လူတစ်ရပ်ကျော်မြုပ်တယ်လေ နှစ်ထပ်အိမ်ဆို အောက်ထပ်အမြုပ်တယ်။ ညဘက်ကြီး ရေ၀င်တာဆိုတော့ ဘာမှရွှေ့ချိန်ပြောင်းချိန်မရှိဘူး အကုန်မြုပ်သွားတာ။ လူတစ်ရပ်လောက်ဆိုတော့ အောက်ထပ်ကဟာတွေမြုပ်ပြီးတော့ အိမ်ကတောင်သူလုပ်ထားတဲ့ ငရုပ်စိုက်ခင်း၊ စပါးခင်းဘာမှမကျန် အကုန်မြုပ်ပြီးပျက်ဆီးတာပဲ။ နွားတွေဘာတွေဆိုလည်းရေ၀င်တော့ လွတ်သွားတာ။ အခု ရေပြန်ကျသွားတော့ သေချာရှင်းလင်းပြီး နေလို့ရပါပြီ။ ဆိုင်ကယ်တွေ၊ ကားတွေတော့ ရွှေ့ချိန်မရ၊ ပြောင်းချိန်မရတော့ ရေကျတော့ ပြန်ပြင်ရတယ်။ ရေတစ်ရပ်လောက်မြုပ်တော့ အကုန်နွံ၀င် ပျက်ဆီးတာတွေရှိတော့လေ။ အစ်မတို့ ငရုပ်ခင်းက နောက်လ ကထိန်ခင်းဖို့ရည်ရွယ်ထားတာ အကုန်မြုပ် သွားတာ။ ဒီတော့ စပါးစိုက်တာတွေ ငရုပ်စိုက်တာတွေက အရင်းအနှီးဆေးဖိုး၀ါးခ အကုန်ရှုံးတာပေါ့။ လယ်ရှင်ခြံရှင်တွေ ခုလိုပျက်ဆီးတော့လည်း ကူလီကူငှားလိုက်တဲ့သူတွေဆိုလည်း အလုပ်ပါးသွားတာပေါ့။ အဆင်မပြေကြဘူးလေ။

 

အိမ်မှာ ရှိတဲ့နွားနှစ်ကောင်ဆို ရေတက်လာတော့ လွတ်သွားတာ။ ရေကျတော့ ဆယ်ထားတဲ့ လူတွေစီက တစ်ကောင် လေးငါးခြောက်သိန်းပေးပြီး ပြန်ယူရတယ်။ ကိုယ်မှ ရေတက်လို့ စိတ်ညစ်ရ ဒုက္ခရောက်ရတဲ့ထဲ ကိုယ့်နွားလေးကိုယ်ပြန်ရအောင် ရွေးခဲ့ရတယ်။ ဆုံးရှုံးတာတွေတော့ အများကြီးပေါ့။ အိမ်က ပစ္စည်းပစ္စယတွေ ပြင်ရဆင်ရ၊ လယ်တွေရှုံးတော့ အခုတခြားပဲလေးဘာလေးစိုက်ပျိုးပြီး ရှိတာနဲ့ ပြန်ထူထောင်ရတာပါပဲ။