ရုရှားဦးဆောင်တဲ့ EAEU အဖွဲ့ဝင်ထဲ ပါဝင်ဖို့ ဘီလာရုစ်ရောက် စစ်ခေါင်းဆောင် ခွင့်တောင်း

Author CJ Platform
Categories
Published on Jun 27, 2025

ဘီလာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားဦးဆောင်ပြီး ယခင်ဆိုဗီယက်နိုင်ငံ ၅ နိုင်ငံ ပေါင်းထားတဲ့ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံတွေထဲ ပါဝင်နိုင်ဖို့ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာ ခွင့်တောင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

ဘီလာရုစ်သမ္မတနိုင်ငံ မင့်စ် (Minsk) မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) မျက်နှာစုံညီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေးလေးနက်နက် ခွင့်တောင်းခဲ့တာပဲ ဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် များစွာ စိတ်အားထက်သန်လျက်ရှိပါတယ်။ မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂရဲ့ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန် မိမိအနေဖြင့် အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်” လို့ စစ်ခေါင်းဆောင်က တောင်းဆိုလိုက်တာပါ။

 

ဒါ့အပြင် အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုတွေ၊ ပိတ်ဆို့မှုတွေဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေခံမူတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း သူက ပစ်တင်ခဲ့ပါတယ်။

 

လက်ရှိမှာ စိန်ခေါ်မှုများစွာနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် စုပေါင်းဆောင်ရွက်တဲ့နေရာမှာ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ အဖက်ဖက်က ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

 

စစ်ခေါင်းဆောင် တက်ရောက်ခဲ့တဲ့ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ဟာ ရုရှားနိုင်ငံက ဦးဆောင်ကာ ယခင် ဆိုဗီယက်နိုင်ငံတွေဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ကဇတ်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံနဲ့ အာမေးနီးယားနိုင်ငံ စတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတာလည်း ဖြစ်ပါတယ်။

 

ဥရောပသမဂ္ဂ (EU) အပါအဝင် အမေရိကန်၊ ယူကေ (UK)၊ ဂျပန်၊ ကနေဒါ၊ ၊ နော်ဝေ စတဲ့ နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် ရုရှားနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် EAEU မှာလည်း ရိုက်ခတ်မှုရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

လက်ရှိ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဘီလာရုစ်သမ္မတရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်ဟာ နိုင်ငံများအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု စတဲ့ ရလဒ်ကောင်းတွေ ရရှိမှာကို အပြည့်အဝ ယုံကြည်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါသေးတယ်။

 

ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုလို ဖွဲ့စည်းခဲ့ခြင်းဟာ ဆိုဗီယက်ယူနီယံခေတ်လွန် နိုင်ငံတွေအကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ လူမှုရေးဆိုင်ရာ ဆက်ဆံမှုတွေကို ပိုမိုနီးကပ်စေပြီး ဘုံအကျိုးစီးပွားတွေကို ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူအချို့က ဆိုပါတယ်။

 

ဓာတ်ပုံ – Pro-SAC