NLD ပါတီဝင်တွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ဆက်လျှောက်ချင်ရင် PPP ကို ဝင်လို့ရတယ်လို့ ဒေါ်သက်သက်ခိုင်ပြော

စစ်ကောင်စီထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ခြင်း မရှိဘဲ ရပ်တည်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ဆက်လျှောက်ချင်ရင် ပြည်သူ့ရှေ့ဆောင်ပါတီ PPPကို ဝင်ရောက်လို့ ရတယ်လို့ PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ Peace Forum 2025 အခမ်းအနားမှာ ဒေါ်သက်သက်ခိုင်က ပြည်တွင်း မီဒီယာတစ်ခုက မေးမြန်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
“NLD လို့ ပြောလို့ရှိရင် နှစ်ပိုင်း ပြောရမှာပေါ့နော်။ ပြည်ပကို ထွက်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ သွားတဲ့သူဟာ လူနည်းစုဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာရှိနေတဲ့ အသင့်အတင့်သော ပါတီထောက်ခံသူ၊ ပါတီဝင်တွေပေါ့။ သူတို့တွေလည်း ရှိတယ်ပေါ့နော်။ သူတို့တွေကလည်း ဘာဖြစ်လို့ ပါတီကို မှတ်ပုံပြန်မတင်ခဲ့တာလည်းပေါ့နော်။ ဒါက ကာယကံရှင်တွေ တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုနဲ့ပဲ ဆိုင်တာပေါ့နော်။ ဒါက နံပါတ် (၁)၊ နံပါတ် (၂) ကကြတော့ တကယ်လို့ သူတို့က ပါတီမထောင်သည့်တိုင်အောင်ပေါ့နော်၊ ဒီလိုမျိုး လူတွေက နိုင်ငံပြန်လည်ထူထောင်ရေးမှာ ပါဝင်ချင်သေးတယ်ဆိုရင် ကျွန်မတို့လို့ NLD မှ မဟုတ်ဘူး၊ ကျွန်မတို့လို ပါတီမျိုးလည်း ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်ရှင့်။ နိုင်ငံရေးလမ်းကြောင်းပေါ် ဆက်လျှောက်ချင်တယ်၊ နိုင်ငံတည်ဆောက်ရေးလမ်းစဉ်မှာ ပါဝင်ချင်သေးတယ် ဆိုရင် တခြားပါတီတွေမှာ ရွေးချယ်ပြီး ဝင်လို့ ရတယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့ပါတီမှာ ဘယ်သူပဲလာလာ ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ပါတီအနေနဲ့လည်း ဖိတ်ခေါ်ပါတယ်”လို့ ဒေါ်သက်သက်ခိုင်က VOM မီဒီယာကို ပြောကြားခဲ့ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၄ခုနှစ်မှ နိုင်ငံရေးလောကအတွင်း စတင်ဝင်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့ပါတယ်။ ပါတီတာဝန်တွေကနေ ရပ်ဆိုင်းခံခဲ့ရပြီးနောက် ၂၀၁၉ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ပြီး ၂၀၂၀ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိသူ မရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကို ရှုံးနိမ့်ခဲ့ရပါတယ်။