ပလက်ဝမြို့နယ်မှာ ငှက်ဖျားရောဂါအဖြစ်များပြီး ဆေးဝါးမရှိတာကြောင့် လူသေဆုံးမှုထိရှိလာ

Author CJ Platform
Categories
Published on May 27, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အခုနှစ် မတ်လမှစ၍ ငှက်ဖျားရောဂါအဖြစ်များပြီး၊ ဆေးဝါးကုသဖို့ ဆေးမရှိတာကြောင့် လူသေဆုံးမှုထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးမရှိမှုတို့ကြောင့် ငှက်ဖျားဖြစ်ပွားမှု များလာတာဖြစ်ပြီး၊ ဆေးမရှိတဲ့အတွက် လူတွေဟာ အသက်သေဆုံးမှုထိ ရှိလာကြတာ ဖြစ်ပါတယ်။

 

“လူထုကျန်းမာရေး အသိပညာပေးမရှိတာကြောင့် လူတွေက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ငှက်ဖျားနဲ့ပတ်သက်လို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ ဆိုတာ မသိကြဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ငှက်ဖျားရောဂါအဖြစ်များလာတာပါ” လို့ အသက် ၃၀ နှစ်အရွယ် ပလက်ဝမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ငှက်ဖျားရောဂါကြောင့် ပလက်ဝမြို့နယ် သဲကုန်းကျေးရွာက အသက် ၃၅ နှစ်အရွယ် မူလတန်းပြကျောင်းဆရာတစ်ဦးဟာ ဆေးမရှိသလို၊ ဆေးကုသပေးမယ့်သူလည်း မရှိတာကြောင့် အသက်သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် ငှက်ဖျားဖြစ်ပွားမှုဟာ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေအကြား အဖြစ်များပြီး၊ သူတို့ဟာ ခုခံအားအားနည်းသူတွေ ဖြစ်တာကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံး မဆောင်ရွက်နိုင်ရင် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

 

“အခုရွာတစ်ရွာမှာ အနည်းဆုံး လူသုံးယောက်လောက်က ငှက်ဖျားရောဂါဖြစ်နေတယ်။ ငှက်ဖျားဖြစ်နေတဲ့သူတွေကလည်း ခုခံအားနည်းတဲ့သူတွေ။ သူတို့က ဆေးဝါးမကုသတဲ့အပြင်၊ အဟာရရှိတဲ့အစားအစာတွေ ဝယ်မစားနိုင်ကြဘူး။ ငှက်ဖျားရောဂါက တခြားဖျားနာလိုမျိုး အချိန်တိုင်ရင် သူ့အလိုလို ပျောက်ကင်းသွားတဲ့ရောဂါမျိုး မဟုတ်ဘူး။ အခုရွာထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေရှိသေးတယ်” လို့ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လူနာတွေဟာ ဆေးမရှိတာကြောင့် စနစ်တကျ ဆေးကုသဖို့ မရရှိနိုင်ပဲ အဖျားသက်သာလိုက်၊ အဖျားပြန်တက်လိုက် ဖြစ်နေကြပြီး၊ တချို့ကတော့ ရိုးရာဆေးမြစ်နဲ့ ကုသရင်း အဖျားက သက်သာပေမဲ့ ငှက်ဖျားရောဂါကို မျှော်လင့်သလို ပြသနာကင်းရှင်းမနိုင်ဘူးလို့ သိရပါတယ်။

 

ပလက်ဝမြို့နယ်ကို AA က ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်၊ အုပ်ချုပ်ရေးယန္တရားတွေ လှည့်ပတ်နိုင်ခြင်းမရှိတော့တာကြောင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ရပ်တန့်ခဲ့ရပါတယ်။

 

ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လက်လှမ်းမီတဲ့ ကျေးရွာတွေမှာတော့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

 

“AA ဆိုရင် မြို့အနီးအနား ဝန်းကျင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးတယ်။ CDF ပလက်ဝဆိုရင် သူတို့ထိန်းချုပ်ဧရိယာနယ်စပ်တွေမှာ လုပ်ပေးတာတွေရှိတယ်။ ဒါပေမဲ့ သူတို့လည်း ဆေးဝါး ဝယ်ယူရတာ ခက်ခဲတာကြောင့် ဆေးကုသမှု လုံလောက်အောင် မလုပ်ပေးနိုင်ဘူး။ အထူးသဖြင့် ရောဂါပြင်းထန်တဲ့ လူနာတွေ။ ပြီးတော့ သူတို့ဆီမှာ ငှက်ဖျားဆေး မရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ လက်လှမ်းမမီတဲ့ ကျေးရွာများစွာလည်း ရှိတယ်။ အဲဒီရွာတွေကဆိုရင် ဆေးလည်းမရှိ၊ ဆေးကုသပေးမယ့်သူတွေလည်း မရှိတော့ အရမ်း ဒုက္ခရောက်ရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပလက်ဝမြို့နယ်ဟာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါအဖြစ်များဆုံး မြို့နယ်တစ်ခု ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်