စစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရ ကားချောက်ထဲကျကာ စစ်သားများသေဆုံး

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီကားနှစ်စီးကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီကားတစ်စီး ချောက်ထဲပြုတ်ကျကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းရဲ့ ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီးကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အား ၃၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားတစ်စီး လမ်းဘေးချောက်ထဲ ထိုးကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့က မတ်လ ၂၆ ရက်နေ့ မနက် ၁နာရီကျော်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနှင့် ၁၂၄မိုင် နတ်ရေတွင်းရဲစခန်းတို့ကို လည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး)၊ တပ်ခွဲ (၃)၊ ပြည်ခရိုင်တပ်ရင်း (၃၆၀၂) နဲ့ အမှတ်(၃၇၀၁) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနဲ့ KNU/KNLA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့တွေမှာ တိုက်ခိုက် ဖျက်ဆီးခဲ့ပါသေးတယ်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ
ပုံစာ – တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်