စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို PDF  ပူးပေါင်းတပ်တွေ သိမ်းပိုက်

Author CJ Platform
Categories
Published on Feb 27, 2025

စစ်ကိုင်းဒေသကြီး ၊ မုံရွာမြို့နယ်က စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း စခန်းကို  PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ဆီက သိရပါတယ်။

 

မုံရွာမြို့နယ် ၊ ခတက္ကန်ရွာ အရှေ့ဘက်က MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းမှာ စစ်ကောင်စီရဲ့ ရဲအင်အား ၁၇ ဦးနဲ့ တပ်ဆွဲထားပြိီး  PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်လိုက်ခဲ့ရာမှာ  စစ်ကောင်စီတပ်ဖွဲ့၀င် ၁၁ ဦးသေဆုံးပြီး  လက်နက်ခဲယမ်းတချို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

” မနက်ပိုင်း ၈နာရီနဲ့ ၉နာရီကြားသိမ်းပိုက်ရရှိခဲ့တယ်ဗျ။ စကစကျန်တပ်သားတွေကတော့ ထွက်ပြေးတာ” လို့ Chindwin Attack Force တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီတပ် စခန်းအတွင်းမှ  G3 ၅ လက်၊ Uzi ၃ လက်၊ M-79 ၂ လက်၊ G3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ် ၆ ခုနဲ့ TV ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

တာဝါတိုင်ကုန်းစခန်းကို တိုက်ခိုက်နေစဥ်အတွင်း နမခမှ Paramotor နှစ်စီး၊ တံတားဦး လေတပ်မှ Mi-35 တစ်စင်းတို့နဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ ၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ ၁၄ ကြိမ်ခန့် ပစ်ကူပေးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ဒီကနေ့ ( ဖေဖော်ဝါရီ ၂၇ ရက် ) ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဒါ့အပြင် တိုက်ပွဲကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် ၁၁ ဒရုန်းအဖွဲ့နဲ့ BLDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ