လာမယ့်နှစ်မှာ တရုတ်သမ္မတ ရှီ ရုရှားသွားမယ် 

Author CJ Platform
Categories
Published on Dec 27, 2024

တရုတ်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရုရှားနိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်တယ်လို့  ရုရှားနိုင်ငံပိုင် RIA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

RIA သတင်းဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ရဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်း ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

 

“ခိုင်မာတဲ့ (ဆက်ဆံရေး) ဖြစ်လာဖို့ နှစ်ဦးနှစ်ဘက်ပါဝင်တဲ့ လှုပ်ရှားဆောင်ရွက်ချက်တွေအတွက် သင့်လျော်တဲ့ အစီအစဉ်တွေ တက်တက်ကြွကြွ ရေးဆွဲနေတယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်”လို့ သံအမတ် အီဂေါ်မော်ဂုလော့ဗ်က RIA ကို ပြောပါတယ်။

 

“ဒါကို ကျွန်တော်တို့ လျှို့ဝှက်ထားဖို့ မရှိပါဘူး၊ ဦးစားပေးအနေနဲ့ နောက်နှစ်မှာ တရုတ်နိုင်ငံရဲ့ ဥက္ကဋ္ဌကို  ရုရှားမှာ (ရောက်နေဖို့) မျှော်လင့်ထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။

.

တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနနဲ့ မေးမြန်းအတည်ပြုချက်ကို တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။

 

ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို သောင်းချီတဲ့ တပ်သားတွေ စေလွှတ်ပြီး ကျူးကျော်စစ်မစခင် ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့ပြီး နေ့ရက်တွေ အကန့်အသတ်မရှိတဲ့ မိတ်ဖက်တွေ ဖြစ်တယ်လို့ ကြေညာဖူးပါတယ်။

 

အခုနှစ်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် မေလထဲမှာလည်း ဘေကျင်းကို ထပ်မံရောက်ရှိခဲ့ပြီး အမေရိကန်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ဖို့ အာရုံစိုက်ထားတဲ့ ခေတ်သစ် ဆက်ဆံရေးကို ကြိုဆိုထောက်ခံကြောင်း ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း ရှီဟာ မကြုံစဖူး တတိယ အကြိမ်မြောက်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက်မှာလည်း ရုရှားရဲ့ ဖိတ်ခေါ်မှုကြောင့် ကရင်မလင်နန်းတော်ကို လာရောက်လည်ပတ်ဖူးပါတယ်။

 

အာရှပစိတ်ဖိတ်ဒေသမှာ အမေရိကန်နဲ့ မဟာမိတ်အနောက်နိုင်ငံတွေက တရုတ်ကိုဖိအားပေးနေတာကြောင့် (ရုရှားနိုင်ငံနဲ့) တူညီတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ တရုတ်နိုင်ငံဟာ ပဋိပက္ခရဲ့ အခြေခံတွေကို နားလည်သဘောပေါက်တယ်လို့ မစ္စတာ မော်ဂုလော့ဗ်က RIA သတင်းဌာနကို ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ၃၄ လကြာ ကျူးကျော်မှုအပေါ် ရှုတ်ချပြောဆိုတာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။

 

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ဟာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို (ရုရှား) ဒေသတွင်းကို ပြောင်းရွှေ့ဖို့အစီအစဉ်တွေကို ရေးဆွဲနေတာကြောင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့ပူးပေါင်းပြီး အမေရိကန်ရဲ့ မူဝါဒကို တုံ့ပြန်ရမှာဖြစ်တယ် လို့လည်း သူက ဆက်ပြောပါတယ်။

 

“နိုင်ငံတာကာဇာတ်ခုံမှာ ရုရှားနဲ့ တရုတ်တို့ကို အနောက်နိုင်ငံတွေက သေချာလိုက်ကြည့်ပြီး (နှစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့) ခြိမ်းခြောက်ဟန့်တားမှုတွေကို လုပ်ဆောင်ဖို့ ကြိုးစားနေမှုတွေကို နှစ်နိုင်ငံပူးတွဲပြီး တန်ပြန်လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်ဖို့က ကျွန်တော်တို့ နိုင်ငံတွေအပေါ်မှာ မူတည်ပါတယ်”လို့ မစ္စတာမော်ဂုလော့ဗ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းဌာနက ရေးသားဖော်ပြပါတယ်။

 

တရုတ်နဲ့ ဘရာဇီးတို့ပူးပေါင်းပြီး ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို တွန်းအားပေးလုပ်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်က တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ နှစ်ဘက်စလုံး (ရုရှားနဲ့ယူကရိန်း) ရဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုထားပါတယ်။ ရုရှားနိုင်ငံကလည်း အဲဒီအဆိုပြုချက်ကို ထောက်ခံတယ်လို့ ဆိုပါတယ်။

 

NATO အဖွဲ့ဝင်ဖြစ်ဖို့ နောက်ဆုံး‌တောင်းဆိုထားမှုအပါအဝင် စစ်ပွဲရပ်ဖို့ ကိုယ်ပိုင်အစီအစဉ်ကို အဆိုပြုထားတဲ့ ယူကရိန်းနိုင်ငံကတော့ ရုရှားရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေတဲ့ တရုတ်နဲ့ ဘရာဇီးတို့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ငြင်းဆိုထားပါတယ်။

 

လက်ရှိမှာ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်းဝန်းကျင်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ပွဲစတင်ချိန်ကထက် ပိုပြီးလျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 

ဓာတ်ပုံ- REUTERS/Maxim Shemetov/Pool/File Photo

 

ပုံစာ – အခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ရုရှားနိုင်ငံ ကာဇန်မြို့မှာပြုလုပ်တဲ့ BRICS ထိပ်သီးသည်းဝေးပွဲမှာ ရှီနဲ့ ပူတင်ကို အတူတွေ့မြင်ရစဉ် (ပုံအဟောင်း)

 

ကိုးကား- Reuters