ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတနဲ့ လက်ရှိ ယာယီသမ္မတ ကိစ္စ ကြားနာမှုနဲ့ မဲခွဲဆုံးဖြတ်မှုတွေ ပြုလုပ်မယ်

Author CJ Platform
Categories
Published on Dec 27, 2024

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတအပေါ် စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်တဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ပထမဆုံးကြားနာမှုကို တက်ရောက်သွားမှာဖြစ်တယ်လို့ သမ္မတအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး သမ္မတကို စွပ်စွဲပြစ်တင်မှုအဆိုဟာ လွှတ်တော်မှာ မဲခွဲအောင်မြင်ခဲ့ပြီးနောက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ကြားနာမှုတွေ စတင်လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။

 

ယွန်ဟာ ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ တရားရုံးက လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းဖို့ တောင်းဆိုမှုကို လိုက်နာတာတွေ မရှိခဲ့သလို စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအပေါ်  သီးခြားရာဇဝတ်မှုဆိုင်ရာ ဥပဒေနဲ့ စုံစမ်းစစ်ဆေးနေသူတွေရဲ့ ဆင့်ခေါ်မှုတွေကိုလည်း ပျက်ကွက်ခဲ့တာကြောင့် သူ့ရဲ့ ပါတီဝင်အချို့ကပါ ဝေဖန်နေကြပါတယ်။

 

ဒီကနေ့ ပြုလုပ်မယ့် ကြားနာပွဲကို ယွန်ရဲ့ ဥပဒေရေးရာအဖွဲ့က ရှေ့နေနှစ်ဦးက တက်ရောက်ကြမှာဖြစ်ပြီး တစ်ဦးက အစိုးရရှေ့နေဟောင်းဖြစ်ပြီး ကျန်တစ်ဦးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဟောင်း ဖြစ်တယ်လို့ ယွန်ရဲ့ အကြံပေးရှေ့နေ ဆွတ်ဒုန်ဟွန်ရဲ့ သတင်းထောက်တွေကို ပေးပို့တဲ့ စာအရ သိရပါတယ်။

 

မျှော်လင့်မထားတဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ လျင်မြန်တဲ့ နိုင်ငံရေးပြိုလဲမှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ငွေကြေးဈေးကွက်ကိုပါ မတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။

 

ဒါ့အပြင် တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကို တန်ပြန်ဖို့အတွက် တစ်ကမ္ဘာလုံးရဲ့ ကြိုးပမ်းမှုမှာ ယွန်ကို ခိုင်မာတဲ့ မိတ်ဖက်အဖြစ် ရှုမြင်ထားတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအတွက်လည်း မသေချာ မရေရာမှုတွေ ဖြစ်‌သွားပါတယ်။

 

ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှာလစ်လပ်နေတဲ့ တရားလွှတ်တော်သုံးဦးကို ချက်ချင်းဖြည့်စွက်ခန့်အပ်ပေးဖို့ တောင်းဆိုမှုကို ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆူးက ငြင်းဆိုလိုက်ပြီးတဲ့နောက်မှာ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဝန်ကြီးချုပ်ကိုပါ စွပ်စွဲပြစ်တင်ဖို့ ကတိပြုပြောဆိုထားတာကြောင့် အခုအပတ်အတွင်းမှာပဲ အကျပ်အတည်းက ပိုပြီးပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။

 

လွှတ်တော်ကလည်း ဒီကနေ့ နေ့လယ်ပိုင်းမှာ ခေါ်ယူသွားမှာဖြစ်ပြီး ဟန်ကို စွပ်စွဲပြစ်တင်မယ့် အဆိုကိုပါ မဲခွဲဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီက ဆိုပါတယ်။

 

ဒီမိုကရက်တစ်ပါတီဟာ တရားလွှတ်တော်သုံးဦးကိစ္စတင်မက သမ္မတကို အထူးရှေ့နေတွေနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတဲ့ ဥပဒေကြမ်းကိစ္စမှာပါ ယွန်က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်နဲ့ ထိပ်တိုက် ‌တွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ဟန်ကတော့ နှစ်ဦးနှစ်ဘက် (အစိုးရနဲ့ အတိုက်အခံ) သဘောတူညီမှုမရှိဘဲ တရားလွှတ်တော်သုံးဦးခန့်အပ်မယ့် ကိစ္စဟာ ယာယီသမ္မတသာဖြစ်တဲ့ သူ့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတယ်လို့ ယမန်နေ့က ပြောပါတယ်။

 

ဟန်ကို စွပ်စွဲပြစ်တင်တဲ့ အဆို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နေတဲ့ အချိန်မှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ယွန်ကို ပြန်လည်ခန့်အပ်မလား ဒါမှမဟုတ် ရာထူးက အပြီးအပိုင် ဖယ်ရှားပစ်မလားဆိုတာ ကြားနာမှုတွေ တပြိုင်တည်း လုပ်ဆောင်နေမှာလည်း ဖြစ်ပါတယ်။

 

ခုံရုံးဟာ ယွန်ကို ပြန်လည် ခန့်အပ်မလား ဒါမှမဟုတ် ဖယ်ရှားမလားဆိုတာ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၁၈၀ အချိန်ရပါတယ်။ နောက်ဆုံးအခြေအနေမှာ (သမ္မတကို ရာထူးကဖယ်ရှားပြီးရင်)  သမ္မတအသစ် ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပေးရမှာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ပြုလုပ်မယ့် ခုံရုံးရဲ့ ကြားနာပွဲကိုတော့ ယွန်အနေနဲ့ တက်ရောက်စရာမလိုဘူးလို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – The President Office/ Handout via Reuters

 

ပုံစာ- တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ရှိ သမ္မတရုံးကနေ ပြည်သူတွေကို မိန့်ခွန်းပြောကြားနေတဲ့ သမ္မတယွန်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters