AA သိမ်းပိုက်ထားတဲ့ မြို့နယ်သုံးခုက စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး

Author သုတ
Categories
Published on Dec 27, 2024

ရခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလအတွင်း သိမ်းပိုက်ထားတဲ့ မောင်တော၊ တောင်ကုတ်နဲ့ အမ်း မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒီမြို့တွေကို AA သိမ်းပိုက်ထားပေမဲ့ မိုင်းနဲ့ လေကြောင်း အန္တရာယ်ကြောင့် AA က ပြည်သူတွေကို မြို့ထဲပြန်နေခွင့် မပြုသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“မြို့ထဲ ပြန်ဝင်ခွင့် မပေးသေးဘူး။ ပေးဝင်လည်း မြို့ပျက်ထဲမှာ ပြန်နေရသလို ဖြစ်မှာပဲ။ ခက်ခဲတယ်။ နေရ၊ ထိုင်ရ၊ စားရသောက်ရ စျေးတွေလည်းကြီးပြီး ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေဆိုရင် တော်တော်ကို စိုးရိမ်ရတယ်။ ပြန်ဝင်ရင်တောင် တော်တော်နဲ့ ပြန်ထူထောင်နိုင်ဖို့ မလွယ်ဘူး”လို့ အမ်းမြို့က အသက် ၅၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

သူ (မ) ဟာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း AA က ကယ်ထုတ်ပေးတာ ခံခဲ့ရသူတစ်ဦးဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် မြို့ထဲကနေအချိန်မီ စစ်မရှောင်နိုင်ဘဲ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

 

“အခု အဆင်ပြေသလို နေထိုင်ဖို့တော့ စီစဉ်ပေးထားကြပါတယ်။ အခက်အခဲက ဆေးဝါးပြဿနာပါ။ နောက်ပြီး ခြင်ကိုက်တယ်။ ချမ်းကြတယ်။ တောတောင်မှာဆိုတော့ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြတယ်”လို့ သူက ဆက်ပြောပါတယ်။

 

အလားတူ တောင်ကုတ်မြို့နယ်က စစ်ဘေးရှောင်တွေဟာလည်း နေရပ်မပြန်နိုင်သေးဘဲ စစ်ပွဲရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေကြရဆဲပဲလို့ တောင်ကုတ်ဒေသခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“မပြန်ဖြစ်သေးဘူး။ လေကြောင်းက ရှိသေးတယ်လေနော။ ဖြစ်သလိုပဲပေါ့။ ဘယ်တတ်နိုင်မလဲ”လို့ သူက ပြောပါတယ်။

 

အလားတူ အခက်အခဲ၊ စိန်ခေါ်မှုတွေရှိနေဆဲပေမဲ့ အိမ်အမြန်ပြန်ပြီး မိမိပိုင်ဆိုင်မှုတွေနဲ့ နေရပ်က အခြေအနေတွေကို သိချင်နေကြတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။

 

“ကျွန်တော်တို့က အိမ်ပြန်ဖို့ အဆင်မပြေသေးဘူး။ အာဆာတွေလည်း မကြာမကြာ ပစ်တာဖမ်းတာတွေရှိတယ်။ မလုံခြုံဘူး။ တချို့ စစ်သားတွေနဲ့ ဟင်းရှာ ဝါးခုတ်ရင်း တွေ့ရတာတွေလည်း ကြားနေရတယ်။ ဒါပေမဲ့ အိမ်အမြန် ပြန်ကြည့်လိုက်ချင်ပြီ။ ဘယ်လိုဖြစ်သွားလဲ။ ဘာတွေပျက်စီးပြီး ဘာတွေကျန်သေးလဲ သိချင်တယ်။ အခုက အသိအိမ်မှာ နေတာ အားနာနေရတယ်။ ဘယ်လိုနေရ၊ နေရ ကိုယ့်အိမ်ကတော့ ပိုအဆင်ပြေတယ်လေ”လို့ မောင်တောကနေ ကျောက်ပန္ဒူဘက်မှာ သွားရောက် စစ်ဘေးရှောင်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

အာရက္ခတပ်တော် (AA) ဟာ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့ကို ဒီဇင်ဘာလအတွင်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။ လက်ရှိ မြို့နယ် သုံးခုအတွင်းက စစ်ဘေးရှောင်ဦးရေဟာ စုစုပေါင်း ၆၇,၉၀၀ ရှိတယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

 

စစ်ဘေးရှောင်မဟုတ်တဲ့ ဒေသခံတွေဟာလည်း လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရမှုနဲ့ စစ်ဘေးဒဏ်တွေကြောင့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ဆေးဝါးရှားပါးမှုကို ဆိုးရွားစွာ ရင်ဆိုင်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ- ULA/AA

ပုံစာ- အမ်းမြို့အတွင်း အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ ယာယီတဲစခန်းတချို့ကို တွေ့ရစဉ်