“သွားသတိ၊ လာသတိ၊ သတိတစ်ချက်မှ လွတ်လို့ မရပါ”
ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ ရန်ကုန်မြို့က YBS ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်နဲ့ လုယက်သူတွေ သောင်းကြမ်းနေတဲ့ အပေါ် အမျိုးသမီးထုရဲ့ အသံတွေကို ဖော်ထုတ်ထားပါတယ်။ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးအကျပ်အတည်းတွေအပြင် အလုပ်သွား၊ အလုပ်ပြန် လမ်းခရီးကြားမှာ အန္တရာယ်တွေက ပတ်လည်ဝိုင်းလို့နေပါတယ်။ သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ဘယ်လို ရုန်းကန်နေရပါသလဲ။
****************************************
“ခါးပိုက်နှိုက်ထက် အုပ်စုဖွဲ့ပြီး ပေါ်တင်လုတဲ့သူတွေကို လန့်နေရတာ”
လှိုင်သာယာမြို့နယ်က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး
အရင်အာဏာမသိမ်းခင်က YBS ပေါ် ခါးပိုက်နှိုက်လောက်ပဲ စိုးရိမ်ရတာ။ အခုက သူတို့တွေက ပိုအတင့်ရဲပြီး ကားပေါ်မှာတင်ကို အုပ်စုလိုက်လုတာတွေ လုပ်လာတယ်။ မျက်စိရှေ့တင် တွေ့ခဲ့ရတာဆိုတော့လေ။ သတိဝရီယနဲ့ကို သွားနေရတယ်။ ယာဉ်မောင်းတချို့ကတော့ စည်းကမ်းနဲ့လုပ်သလို၊ တချို့ယာဉ်မောင်းတွေကလည်း သူတို့ကား အချင်းချင်းပြိုင်ပြီး မောင်းတာတွေလုပ်ပြီး မှတ်တိုင်ပါလို့ ဘဲလ်တီးလည်းမကြား၊ ကျော်သွားလို့ ကျွန်မတို့ပြောရင် သူတို့က ပြန်အော်တာမျိုးတွေရှိတယ်။ ယာဉ်မောင်းတွေကိုတော့ သေချာစည်းကမ်းတင်းကျပ်တာမျိုးတွေ လုပ်သင့်တာပေါ့။ အခုက အရင်အာဏာ မသိမ်းခင်ကထက် လိုင်းကားစီးရတာက လုံခြုံရေးရော၊ ဆက်ဆံရေး အဆင်မပြေတာတွေက ပိုဆိုးလာတယ်လို့ ထင်တယ်။
****************************************
“တစ်ခါကားပေါ် ပိုက်ဆံအိတ်တွေ၊ စာရွက်စာတမ်းလေးတွေကျန်တာ အကုန်ပြန်ရတယ်”
ကမာရွတ်မြို့နယ်က အသက် ၄၀ အရွယ် အမျိုးသမီး
YBS စီးရတာကတော့ ကျွန်မအနေနဲ့တော့ ဆိုးဆိုးရွားရွား ကြုံရတာမရှိသေးပါဘူး။ တချို့လိုင်းတွေက ကားသမားတွေက ပြောတာဆိုတာ အဆင်မပြေဘူး။ အမောင်းကြမ်းတာတို့ ဘာတို့ ရှိတယ်တော့ သူများတွေပြောတာ ပြန်ကြားတာမျိုးတော့ရှိတယ်။ ကောင်းတဲ့ ကားသမားတွေလည်း ရှိတာပဲလေ။ တစ်ခါကားပေါ် ပိုက်ဆံအိတ်တွေ၊ စာရွက်စာတမ်းလေးတွေကျန်တာ အကုန်ပြန်ရတယ်။ စိုးရိမ်တာကတော့ ခါးပိုက်နှိုက်ရန်နဲ့ လုတာယက်တာပဲ။ အခုနှစ်ပိုင်းတွေမှာ တော်တော်များများ ကြားနေရတာ။ ကိုယ်တိုင်တော့ ကြုံတာမြင်တာတော့ မရှိသေးဘူး။
****************************************
“အုပ်စုနဲ့ ထုံဆေးအပ်ခြစ်ပြီး ခါးပိုက်နှိုက်တာတွေ ရှိလာတယ်”
လှိုင်မြို့နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီး
“အခုက သူတို့က လေးယောက်တစ်ဖွဲ့၊ နှစ်ယောက်တစ်ဖွဲ့နဲ့ လုပ်စားလာကြတာ။ ကျွန်မ အသိအစ်မတစ်ယောက်ဆို ယောက်ျားတစ်ယောက်က တိုက်မသလိုလိုနဲ့ အသားကို စူးခနဲခြစ်မိသွားပြီး သတိလွတ်သလို ဖြစ်သွားတာ။ လက်ထဲက အထုတ်လည်း သတိရတော့ ကြည့်တော့ ပါသွားပြီ။ အုပ်စုနဲ့ကို ထုံဆေးအပ်ခြစ်ပြီး ခါးပိုက်နှိုက်တာတွေ ရှိလာတာ။ အဲဒါကြောင့် အပြင်သွားရင် တစ်ယောက်တည်း မသွားတော့ဘူး။ ကားသမားတွေကတော့ အဆင်ပြေပြေပဲ ပြောကြပါတယ်။ အခု ကြုံနေကြရတာကတော့ ခါးပိုက်နှိုက်ပြဿနာပဲ။ ကားစီးပြီး အပြင်သွားကြမယ်ဆို ဘေးနားက အဖော်တစ်ယောက်ယောက်နဲ့ သွားတာပဲ ကောင်းလိမ့်မယ်။
****************************************
“အဖော်လေးတွေနဲ့ပဲ သွားကြလာကြတာ ကောင်းပါတယ်”
ကမာရွတ်မြို့နယ်က အသက် ၅၀ အရွယ် အမျိူးသမီး
“တရားစခန်းက အပြန်စီးလာတာ။ ၁၉ ကား၊ ကားပေါ်မှာ ရှူဆေးဗူးတွေဘာတွေ ထားပေးထားတယ်။ ကားအကွေ့တွေမှာဆိုလည်း ကွေ့မယ်၊ ကိုင်ထားပါ။ အဲဒီလိုမျိုးတွေ ပြောပေးတယ်။ တော်တော်ကို သဘောကောင်းအဆင်ပြေတဲ့ ကားဆရာပေါ့နော်။ အဲဒီလို ကားဆရာမျိုးတွေ များများ ရှိသင့်တယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်တာ၊ လုယက်တာ မျိုးတွေကိုတော့ စိုးရိမ်မှုတွေရှိတာပေါ့။ သတိနဲ့ကို သွားလာနေရတာ။ အခုအချိန်က အဖော်လေးတွေနဲ့ပဲ သွားကြလာကြတာ ကောင်းပါတယ်။