အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ နှစ်လ အပစ်ရပ်
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ ၁၄ လကြာ စစ်ပွဲဟာ အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်လ အပစ်ရပ်ကြဖို့ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ သဘောတူညီမှုရခဲ့ပြီလို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြပါတယ်။
အစ္စရေးဘက် လက်ဘနွန်မြို့တော် ဘေရွတ်အပါအဝင် နိုင်ငံတဝန်းက လူပေါင်း ၄၂ ဦးကျော် သေဆုံးခဲ့ရတဲ့အထိ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တစ်ရက်မှာပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အပစ်ရပ်စဲရေးဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် လေးနာရီအချိန်ကနေ စတင်မှာဖြစ်ပြီး အစ္စရေးစစ်တပ်တွေဟာ နယ်စပ်ဒေသဘက်ကို ပြန်လည်ဆုတ်ခွာမှာဖြစ်သလို ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း လက်ဘနွန်တောင်ပိုင်းမှာ အခြေစိုက်တပ်စွဲထားမှုကို ရပ်တန့်ပြီး ဆုတ်ခွာသွားဖို့လည်း သဘောတူညီချက်ထဲ ပါဝင်တယ်လို့ သိရပါတယ်။
အစ္စရေးစစ်တပ်အရာရှိတစ်ဦးကတော့ အပစ်ရပ်စဲရေးစတင်ပြီး မကြာခင်မှာ အစ္စရေးစစ်တပ်တွေ တပ်ဆုတ်နေဆဲဖြစ်တာကြောင့် လက်ဘနွန်တောင်ပိုင်းဒေသခံတွေ နေရပ်ပြန်တာမျိုး မလုပ်ကြဖို့ ဆိုပြီး လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ နှစ်ဘက်တပ်တွေ ဆုတ်ခွာသွားတဲ့ လက်ဘနွန်တောင်ပိုင်းကို ထောင်နဲ့ချီတဲ့ လက်ဘနွန်တပ်မတော်နဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေက တပ်ဖြန့်နေရာယူကြမှာဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာကော်မတီကလည်း အခြေအနေတွေကို စောင့်ကြည့်နေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဟစ်ဇ်ဘိုလာတို့ဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မဲ့ အရိပ်လက္ခာဏာတွေလည်း မရှိသလို လက်ဘနွန်မြို့တော်ဘေရွတ်မှာလည်း အပစ်ရပ်စဲရေးအတွက် အောင်ပွဲခံကြမဲ့ အရိပ်အယောင်တွေလည်း မြင်နေရပါတယ်။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကတော့ “ဟစ်ဇ်ဘိုလာတွေဘက်က သဘောတူညီချက်ကို ချိုးဖောက်ရင် ကျွန်တော်တို့က ပြန်လည်တိုက်ခိုက်သွားမှာပါ။ သဘောတူညီချက်ချိုးဖောက်မှု တစ်ခုချင်းစီတိုင်းအတွက် အစွမ်းကုန် တိုက်ခိုက်သွားမှာပါ” လို့ သတိပေးပြောကြားပါတယ်။
အမေရိကန်နဲ့ ပြင်သစ်တို့ အဆိုပြုထားတဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်ကို နေတန်ညာဟုက အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့ကို တင်ပြခဲ့ပြီးနောက်မှာ အခုလိုမျိုး သဘောတူညီချက် ရရှိခဲ့တာဖြစ်တယ်လို့ နေတန်ညာဟုရဲ့ ရုံးဘက်က ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အခုလိုမျိုး သဘောတူညီချက်ရရှိမှုဟာ သတင်းကောင်းဖြစ်ပြီး သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဂါဇာဒေသက စစ်ပွဲတွေပါ ရပ်တန့်သွားနိုင်ဖို့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ဝါရှင်တန်မှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစ္စရေး-ဟစ်ဇ်ဘိုလာတို့ကြား ၁၄ လကြာ တိုက်ပွဲအတွင်း လက်ဘနွန်ဘက်က လူပေါင်း ၃,၇၆၀ ကျော်သေဆုံးခဲ့သလို လူပေါင်း ၁ ဒသမ ၂ သန်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အစ္စရေးဘက်က လူပေါင်း ၇၅ ဦးသေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အခုသဘောတူညီချက်ထဲမှာ အစ္စရေးဓားစာခံတွေကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တဲ့ ဂါဇာဒေသက ဟားမက်စ်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်းဆွေးနွေးထားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ- Ayal Margolin/ Reuters
ပုံစာ- အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အစ္စရေးတင့်ကားတစ်စီးကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား- AP News