ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Oct 27, 2024

ဒီတစ်ပတ်(အောက်တိုဘာ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)အတွင်း စစ်ခေါင်းဆောင်တွေရဲ့ လှုပ်ရှားပြောဆိုမှုသတင်းတွေ၊ KIO ၆၄ နှစ်ပြည့်၊ ရုရှား-မြန်မာ ဒုတိယအကြိမ် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှု၊ မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတိုက်ခိုက်ခံရမှု၊ ဝက်လက်က မိန်းကလေးကို ပစ်ခတ်တဲ့ PDF ထောင်ဆယ်နှစ်ချခံရမှု၊ ဒါနာဆိုင်ကလုန်းမုန်တိုင်း၊ ပုလော၊ ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု၊ ဦးသန်းရွှေသားမက် ဖမ်းဆီးခံရမှု စတဲ့သတင်းတွေအပါအဝင် ထူးခြားသတင်းတွေ အလွန်များခဲ့ပါတယ်။ အဲဒီလိုထူးခြားသတင်းတွေထဲကမှ အထူးခြားဆုံးနဲ့ လူစိတ်ဝင်စားမှုအရှိဆုံးသတင်းတွေကို CJ Platform ရဲ့ တစ်ပတ်တွင်း သတင်းအနှစ်ချုပ်အစီအစဉ်ကနေ တင်ဆက်ပေးသွားပါမယ်။

 

စစ်ခေါင်းဆောင်တွေ ဘယ်ကိုသွားပြီး ဘာတွေလုပ်ခဲ့ကြသလဲ။

 

ဒီတစ်ပတ် အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့မှာတောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အနားမယူဘဲ သူ့အဖွဲ့ စစ်ကောင်စီက ကျင်းပတဲ့ ၂၅ ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

တစ်နည်း စစ်ခေါင်းဆောင်ဟာ ပြည်သူတွေကို လေယာဉ်သံ၊ ဗုံးသံတွေနဲ့ သောကတွေပေးထားပြီး သူကတော့ မြန်မာသံစဉ်တွေ နားထောင်ရင်း သွားနှပ်နေတဲ့ သဘောပါပဲ။

ငွေရတုရောက်သွားတဲ့ ဆိုကရေးတီးပြိုင်ပွဲကို စစ်ခေါင်းဆောင် လေးကြိမ်အထိ သွားရောက်ခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၂၁ ရက် တနင်္လာနေ့မှာပဲ ဒီနှစ်ထဲ ခုနစ်ကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို စစ်ခေါင်းဆောင် တက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ အဓိကကုန်ထုတ်လုပ်ငန်းတွေကို အားပေးလုပ်ဆောင်ခဲ့လို့ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာခဲ့တယ်လို့ စစ်ခေါင်းဆောင်က ထည့်ပြောပါတယ်။

ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ သူ့လက်အောက်ခံ ဝန်ကြီးတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြုလုပ်မယ့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၂ ရက် အင်္ဂါနေ့မှာ တက်ခဲ့ပါတယ်။ အဲဒီနေ့မှာ စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ လှုပ်ရှားမှုကို မတွေ့ခဲ့ရပါဘူး။

ဒုစစ်ခေါင်းဆောင်က လာမယ့်လွတ်လပ်ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားလုပ်မယ်လို့ ပြောသလို လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမယ်လို့လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသွားပါတယ်။

အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ စစ်ခေါင်းဆောင်ဟာ ငါးကြိမ်မြောက်အဖြစ် ဆိုကရေးတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့သလို ဒုစစ်ခေါင်းဆောင်လည်း တက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဆယ်ရက်ကြာကျင်းပခဲ့တဲ့ ဒီနှစ် ၂၀၂၄ ရဲ့ ၂၅ ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲမှာ အကဲဖြတ်အနုပညာရှင်ကြီး ၁၈၀ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ၂,၅၈၄ ဦး ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက် ကြာသာပတေးနေ့မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၄၂ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို လာတက်တဲ့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ ရဲအဖွဲ့ညီလာခံကို တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ကြာသာပတေးနေ့ ညနေပိုင်းမှာပဲ နေပြည်တော်မှာကျင်းပတဲ့ နှစ်(၆၀)ပြည့် အိန္ဒိယနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့ အထိမ်းအမှတ်ပွဲကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြန်ပါတယ်။

အာဏာမသိမ်းမီ တစ်လအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီနှစ် ၂၀၂၄ စက်တင်ဘာလအထိ သုံးနှစ်ကျော်အတွင်း မြန်မာကျောင်းသား/ကျောင်းသူတွေအတွက် ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းခဲ့တဲ့အတွက် အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သတ္တမမြောက်ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၁၅၀ ဒသမ ၁၈၁ ကုန်သွယ်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဆက်လက်ပြီး မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ဒီနှစ် ၂၀၂၄ ဇန်နဝါရီလအထိ အိန္ဒိယက အဆင့် ၁၁ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာတော့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျားနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တပ်နှစ်ခုကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင်  နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၆)ကျောင်းသား၊ ကျောင်းသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ တက္ကသိုလ်အဆင့်တိုးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်း ကျောင်းသား/ကျောင်းသူ ၁၄,၂၈၈ ဦးရှိပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီတစ်ပတ်ထဲ စစ်ခေါင်းဆောင် နှစ်ယောက်စလုံး နေပြည်တော် ပြင်ပ မသွားခဲ့ကြပါဘူး။ ပြီးခဲ့တဲ့အပတ်ကလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းပဲ နေပြည်တော်ပြင်ပ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့နဲ့ ဝန်းသိုမြို့တို့ကို သွားရောက်ခဲ့ပါတယ်။ မုံရွာ နမခမှာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ ဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်မှုခံခဲ့ရပါတယ်။

 

“မသူတော်အချင်းချင်း သတင်းလွေ့ကြတဲ့ ရုရှား-မြန်မာ”

 

စစ်ကောင်စီဟာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာတွေနားက ပင်မရေငုပ်တပ်စခန်းကို ဒီနှစ် ၂၀၂၄ စက်တင်ဘာ ၆ ရက်နေ့မှာ သမိုင်းဝင် လက်လွှတ်ဆုံးထားရပါတယ်။

ရေတပ်သိမ်းခံရအပြီး တစ်လကျော်အကြာ ဒီတစ်ပတ် အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ငါးရက်တာ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ စစ်ကောင်စီရေတပ်ကပြုလုပ်ခဲ့ပါတယ်။

ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုတွေပါဝင်တဲ့ အဲဒီလေ့ကျင့်မှုတွေကို မြန်မာပိုင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို မြိတ်မြို့ အနောက်ဘက် မိုင် ၈၀ ကျော်အကွာရှိ ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည် အကွာအဝေးအတွင်း ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းဖို့ ရုရှားရဲ့ ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘောအုပ်စုက စစ်ရေယာဉ် သုံးစင်းနဲ့ ထောက်ပံ့ရေးရေယာဉ် တစ်စင်းတို့ဟာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။

အဲဒီလို ရုရှား-မြန်မာ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမျိုး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း ဒီနှစ်လုပ်ခဲ့တဲ့နေရာမှာပဲ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ရေပြင်ပေါ်လေ့ကျင့်မှုတွေအပြင် ဝေဟင်၊ ရေအောက်နဲ့ လက်တွေ့ပစ်ခတ်တာတွေပါဝင်တဲ့ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းတွေကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြပါတယ်။

ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်ကလို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

ဒုတိယအကြိမ် ရုရှား-မြန်မာ စစ်ရေးလေ့ကျင့်မှု အောက်တိုဘာ ၂၂ ရက် အင်္ဂါနေ့မှာ ပြုလုပ်ခဲ့ကြပြီး ၂၃ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာပဲ ပြန်သွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ရုရှားရေတပ်အဖွဲ့ဟာ ရန်ကုန်မြို့က အထင်ကရနေရာတွေဆီလည်ပတ်တာ၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေပြုလုပ်တာ၊ နှစ်နိုင်ငံစစ်ရေယာဉ်တွေဆီ အပြန်အလှန်လေ့လာတာ၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းတွေဆောင်ရွက်ခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

“ရင်နင့်ဖွယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု”

 

အာဏာသိမ်းမှုရဲ့ အကျိုးဆက်တစ်ခုအနေနဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ ရင်နင့်ဖွယ်ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၁၉ ရက် စနေနေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒါကတော့ ကျောင်းသားကလေးငယ်တွေနဲ့ စစ်ဘေးရှောင်တွေအပါအဝင် လူအယောက် ၁၀၀ ကျော် လိုက်ပါလာတဲ့ ကင်းမွန်ငါးဖမ်းတဲ့ မီးထွန်းစက်လှေတစ်စင်းဟာ ကျောက္ကာရွာကနေ မြိတ်မြို့ကိုအသွား အဲဒီရွာချောင်းဝမှာပဲ နစ်မြုပ်ခဲ့ပါတယ်။

အဲဒီရွာနားက မီးလောင်ချောင်းရွာမှာ တိုက်ပွဲတွေဖြစ်နေလို့ ကားလမ်းပိတ်ထားတာကြောင့် အဲဒီစက်လှေနဲ့လိုက်ပါသူတွေ၊ သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးလို့ မြိတ်မြို့မှာ ကျောင်းတက်ဖို့ပြန်တဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ စစ်ဘေးရှောင်တွေ စက်လှေနစ်မြုပ်မှုထဲ ပါဝင်ခဲ့ပါတယ်။

အဲဒီစက်လှေဟာ သတ်မှတ်ဝန်ထက် ကျော်လွန်တာကြောင့် တိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့အထိ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ရာမှာ ဆယ်နှစ်အောက်ကလေးငယ်သုံးယောက်အပါအဝင် အလောင်း ၁၇ ခုပြန်ရှာတွေ့ခဲ့ပြီး ရှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ အယောက် ၇၀ နီးပါးလောက်ရှိခဲ့တယ်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။

ပျောက်ဆုံးနေသူ ရှစ်ယောက်နဲ့ စက်လှေတို့ကိုတော့ အခုထိ မရှာနိုင်သေးဘဲ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒါနာကြောင့် ကယ်ဆယ်ရေးကို ရပ်နားထားတယ်လို့ သိရပါတယ်။

 

“မချစ်လို့ ပစ်တဲ့ ဝက်လက် PDF ထောင်ဆယ်နှစ်ချခံရ”

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက မိန်းကလေးကို ပစ်ခတ်ခဲ့တဲ့ NUG လက်အောက်ခံ PDF ရဲဘော်ကို ဒီတစ်ပတ်ထဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကဖြစ်စဉ်ကို ရှစ်လလောက်အကြာ အောက်တိုဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ NUG ဘက်က အရေးယူခဲ့တာပါ။

ရွှေဘိုခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁ ရဲ့ ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင်(ခေါ်)လင်းစေက အသက် ၂၃ နှစ်အရွယ် မယုမွန်ထိုက်ရဲ့ နေအိမ်ထိသွားပြီး ပြစ်မှုကျူးလွန်ခဲ့တာပါ။

NUG ဘက်က သူတို့နှစ်ယောက်ကို သမီးရည်းစားလို့ပြောထားပေမဲ့ ကိုပြည့်က သူ့ကို ပြန်မကြိုက်လို့ ပစ်ခတ်ခဲ့တာလို့ နစ်နာသူမိသားစုဝင်တွေက CJ Platform ကို ပြောထားပါတယ်။

ဒါပေမဲ့ NUG ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ “သမီးရည်းစားချင်း စကားများကြရာကနေ ရဲဘော် ပြည့်ထွန်းနိုင်က သေနတ်နဲ့ တစ်ချက်တည်း ပစ်ခတ်ခဲ့တယ်” လို့ ဆိုထားပါတယ်။ မယုမွန်ထိုက်ရဲ့ ချစ်သူဟာ LGBTQ တစ်ယောက်ဖြစ်ပါတယ်။

နောက်ပြီး မိခင်အဖွဲ့အစည်းဖြစ်တဲ့ NUG ဟာ နစ်နာသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲ့ အမည်ကို ထည့်သွင်းဖော်ပြထားတာမတွေ့ရသလို နစ်နာသူတွေကိုလည်း ပြန်လည်တောင်းပန်ထားတာမျိုးလည်း မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ အကျဉ်းစစ်တရားရုံးချုပ်ကို ဖွဲ့စည်းပေးခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁(က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)အရ အရေးယူလိုက်တယ်လို့ NUG က ပြောထားပါတယ်။

NUG အနေနဲ့ PDF တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေကို မျှတတဲ့တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရဲဘော် ပြည့်ထွန်းနိုင်(ခေါ်)လင်းစေကို စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောထားပါတယ်။

 

“အတွင်းတိုက်ပွဲ”

 

မြန်မာနိုင်ငံကိုချွတ်ခြုံကျစေခဲ့သူ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာ နေစိုးမောင်ကို လူမှုကွန်ရက်မှာရေးသားတဲ့စာကြောင့် ထောင်ဆယ်နှစ်လောက်ချခံရနိုင်တဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲလိုက်ပါတယ်။

ကိုနေရွှေသွေးအောင်ရဲ့ ဖခင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲလောက်တုန်းက ပြည်ကြီးတံခွန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အောက်တိုဘာ ၂၄ ရက် ကြာသာပတေးနေ့ ညပိုင်းကျမှ ဒေါက်တာ နေစိုးမောင်ဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုကာ ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီးဟောင်းကို ဖမ်းဆီးတယ်လို့ဆိုထားတဲ့ စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ CRPH ၊ NUG နဲ့ လက်ဝေခံတွေဘက်က လူမှုကွန်ရက်ပေါ် လှုံ့ဆော်ရေးသားသူတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ-၁၂၄(က)နဲ့ ပုဒ်မ-၅၀၅(က)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နဲ့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ဒေါက်တာ နေစိုးမောင်ကို ဘယ်လို ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုတယ်ဆိုတာမျိုးတော့ စစ်ကောင်စီ ပြန်ကြားရေးဘက်က တိတိပပမပြောထားပါဘူး။

အာဏာရှင်ဟောင်း သန်းရွှေသားမက်ဟာ စစ်ကောင်စီကြောင့် ကွယ်လွန်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လေးစားကြောင်း သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ လူသိရှင်ကြားပြောဆိုမှုတွေ အဖမ်းမခံရမီ ဒီလထဲမှာ ပြုလုပ်ခဲ့ပါတယ်။

“ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်သလို မန္တလေးမြို့ကိုလည်း Smart City ဖြစ်စေဖို့ကြိုးစားခဲ့တာကို လေးစားတယ်” လို့ ဆရာဇော်နဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာပါ။

ဒါ့အပြင် “ဆရာနေမကောင်းတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ။ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက်အနားယူပါတော့ ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့ရင် လွတ်လပ်တရားမျှတပြီး လူကို လူလို ဆက်ဆံတဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာ” လို့ ထပ်ရေးထားပါသေးတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်၊ ဦးသန်းရွှေရဲ့ အချစ်ဆုံးမြေး နေရွှေသွေးအောင်ရဲ့ ဖခင် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဒေါက်တာ နေစိုးမောင်ဟာ စစ်တပ်ရဲ့ ဆေးတက္ကသိုလ်ကထိကတာဝန် ထမ်းဆောင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ကိုလည်း စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားခဲ့လို့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ)နဲ့ ထောင်(၁၀)နှစ် ချမှတ်ခဲ့ပါတယ်။

 

“အောင်ပွဲတွေနဲ့ ၆၄ နှစ်ပြည့်သွားတဲ့ KIO”

 

Kachin Independence Organization(KIO)ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

ဒါကြောင့် ဒီတစ်ပတ် အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တည်ထောင်တာ ၆၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီနှစ်ဟာ KIO အတွက် ထူးခြားတဲ့နှစ်လို့ဆိုနိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲရာမှာလည်း သူတို့ရဲ့ ကချင်မြေမှာ အောင်ပွဲအလီလီရခဲ့ပါတယ်။

ကချင်ပြည်မှာ ဒီနှစ် ၂၀၂၄ မတ်လကတည်းက စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေထဲ KIO/KIA ရဲ့ ဌာနချုပ် လိုင်ဇာအပါအဝင် ဦးဇခုန်တိမ့်ယိန်းထိန်းချုပ်ခဲ့တဲ့ အထူးဒေသ ၁ ထဲက ချီ​ဖွေ၊ ​ဆော့​လော်မြို့နဲ့ ပန်ဝါမြို့တွေအပါအဝင် တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းတွေရှိရာ လွယ်ဂျယ်မြို့၊ အဲဒီနောက် ကန်ပိုက်တီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ တရုတ်-မြန်မာ အဓိကကုန်သွယ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဝိုင်းမော် – ဆဒုံး -ကန်ပိုက်တီ လမ်းတစ်လျှောက်ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၆၄ နှစ်မြောက် အထိန်းအမှတ်နေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။

သူက ကချင်မှာစစ်ပွဲတွေရပ်ဖို့ တရုတ်ဖိအားပေးနေတဲ့ကြားကပဲ အာဏာရှင်စနစ် မုချကျရှုံးရမယ်လို့ ပြောသွားပါတယ်။

၂၀၂၁ အာဏာသိမ်းမှုကနေ ပေါ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် လက်တွဲသွားမယ်လို့ KIO ဥက္ကဋ္ဌက ပြောသွားပါသေးတယ်။

“အခုချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နိုင်ဖို့ အခွင့်အခါကောင်းဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲ ထည့်ပြောသွားပါတယ်။

ကချင်က ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ KIO/KIA ဆီ အချိန်မီ ပူးပေါင်းကြဖို့လိုတယ်လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသွားပါတယ်။

လက်ရှိ KIA သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးရှိစေဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေကို နေရပ်ပြန်ခေါ်နိုင်အောင်စီမံကိန်းချကြိုးပမ်းနေပေမဲ့ စစ်ကောင်စီ လေကြောင်းရန်ကြောင့် ခက်ခဲနေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ပန်ဝါမြို့ကို ထိန်းချုပ်လိုက်တာကြောင့် တရုတ်ဘက်က လိုင်ဇာအပါအဝင် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်စင်နဲ့ ခါရှန် စတဲ့ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်ပါတယ်။

 

“အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာအကြောင်း”

 

မြန်မာနိုင်ငံ အလယ်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ စက်တင်ဘာရေဘေးကြောင့် မြန်မာလူထု မုန်တိုင်းသတင်းတွေကို အတော်လေး နားစွင့်ခဲ့ကြပါတယ်။

အဲဒီလိုအချိန် ဒီတစ်ပတ်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ စစ်ကောင်စီမိုးဇလနဲ့ မိုးလေဝသပညာရှင်တွေခန့်မှန်းထားတဲ့အတိုင်းပဲ အောက်တိုဘာ ၂၂ ရက် အင်္ဂါနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းငယ်စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းငယ်တို့ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် (၁၀)ခုထက်မနည်းမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာတော့ မိုးကြီးပြီး လေပြင်းတိုက်လို့ လမ်းမကြီးတွေအပြင် နေအိမ်နဲ့ ဆိုင်ခန်းတွေထဲထိ ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းမှာ တစ်မြို့လုံးနီးပါး ရေကြီးခဲ့ပြီး အဲဒါဟာ နှစ် ၃၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ မြို့ခံတွေက CJ Platform ကို ပြောခဲ့ပါတယ်။

အဲဒီနောက် ဒါနာလို့အမည်ရတဲ့ ဆိုင်ကလုန်မုန်တိုင်းအဖြစ်ကို အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာဖြစ်ပေါ်ခဲ့ပြီး ကြာသာပတေးနေ့မှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီမုန်တိုင်းဟာ မြန်မာပြည်တွင်းကို မဖြတ်ကျော်ခဲ့ဘဲ ဘင်္ဂလားပင်လယ်အော်အတွင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာပဲဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး သောကြာနေ့မှာ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး ပျက်ပြယ်သွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာတော့ အားကောင်းတဲ့အပူပိုင်းမုန်တိုင်းထရမ်မီဖြစ်ပေါ်နေပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စနေနေ့မနက်ပိုင်း စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။