တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း အမြတ်အစွန်း သုံးနှစ်ဆက်တိုက်ကျဆင်း

တရုတ်နိုင်ငံ စက်မှုလုပ်ငန်းတွေရဲ့ အမြတ်အစွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဆက်လက်ကျဆင်းခဲ့တာကြောင့် သုံးနှစ်ဆက်တိုက် အမြတ်ငွေကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စက်မှုလုပ်ငန်းတွေရဲ့ အမြတ်အစွန်းဟာ ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပေမဲ့ ဒီဇင်ဘာလမှာတော့ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကအတိုင်း ၁၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ အမျိုးသားစာရင်းအင်း ဗျူရို (NBS) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါပေမဲ့ စက်မှုလုပ်ငန်းတွေရဲ့ ဇန်နဝါရီကနေ နိုဝင်ဘာလအထိ အမြတ်အစွန်းက ၄ ဒသမ ၇ ရာခိုင်းနှုန်းအထိ ကျဆင်းခဲ့တာတာကြောင့် တစ်နှစ်ပတ်လုံး အမြတ်ငွေဟာ ၃ ဒသမ ၃ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့တယ်လို့ NBS ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း စက်မှုလုပ်ငန်း အမြတ်ငွေက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တရုတ်အစိုးရရဲ့ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုံ့ဆော်မှုတွေကြောင့် နိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ ရည်မှန်းထားတဲ့အတိုင်း ငါးရာခိုင်နှုန်း တိုးတက်လာပါတယ်။
ဒါပေမဲ့ တရုတ်အိမ်ခြံမြေ ဈေးကွက် ကမောက်ကမဖြစ်နေတာ၊ ပြည်တွင်းကလူတွေရဲ့ ကုန်ပစ္စည်းဝယ်ယူမှု လျော့ကျလာတာနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ယုံကြည်မှု မရှိတော့တာ စတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့နေရပါတယ်။
တရားဝင် အချက်အလက်တွေအရ စက်ရုံတွေဟာ ၂ နှစ်ဆက်တိုက် ကုန်ပစ္စည်းတွေကို လျှော့ဈေးနဲ့ ထုတ်ရောင်းနေကြရတာကြောင့် လုပ်ငန်းရှင်တွေအတွက် အမြတ်အစွန်းနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာအပိုင်းတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာလည်း အစိုးရဘက်က စီးပွားရေးလုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် လူတွေကုန်ပစ္စည်းများများ ဝယ်နိုင်အောင် လုပ်ဆောင်တာမျိုး အပါအဝင် “စီးပွားရေး လှုံ့ဆော်မှု အစီအမံတွေ” ကို ချမှတ်ပြီး ဆောင်ရွက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
အခု ဇန်နဝါရီလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ စီးပွားရေး ကိန်းဂဏန်းတွေမှာ စက်မှုထုတ်ကုန်တွေ လက်လီရောင်းချရမှု ကျဆင်းလာတာနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားလာနေတဲ့ စီးပွားရေး တိုးတက်မှုမညီမမျှ ဖြစ်နေတာကို တွေ့ မြင်ရပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တခြားနိုင်ငံတွေဆီ ကုန်ပစ္စည်းအများအပြားကို အရှိန်အဟုန်နဲ့တင်ပို့ခဲ့ကြပြီး ဒီဇင်ဘာလရဲ့ အမြန်တင်ပို့တာဟာ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်တက်လာရင် ကုန်သွယ်ရေးမူဝါဒတွေ အပြောင်းအလဲ လုပ်ဆောင်လာမှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ထရမ့်ဟာ သမ္မဖြစ်ပြီး နောက်တစ်ရက်မှာ သူ့ရဲ့အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ်မှာ ၁၀ ရာခိုင်နှုန်း အခွန်ပိုမိုကောက်ခံဖို့ ဆွေးနွေးနေတယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေရဲ့ အမြတ်ငွေဟာ ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အမြတ်ငွေဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကတော့ အမြတ်ငွေ ၀ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ NBS ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
စက်မှုလုပ်ငန်းတွေရဲ့ အမြတ်ငွေတွေကို တွက်ချက်ထားမှုဟာ တစ်နှစ်ကို အမြတ်ငွေ ယွမ် သန်း ၂၀ ( အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၄ သန်း ဝန်းကျင်) ရရှိတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကိုသာ ထည့်သွင်း တွက်ချက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- REUTERS/Florence Lo
ပုံစာ- တရုတ်နိုင်ငံ၊ ကျန်းဆုပြည်နယ်၊ လျန်ယွန်ကန်းခရိုင်၊ ကွန်းယွမ်စီရင်စုက Midnight Charm Garment အမျိုးသမီးအတွင်းခံ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့မြင်ရစဉ် (ပုံအဟောင်း)
ကိုးကား – Reuters