ဖျားနာနေတဲ့ခေတ်စနစ်မှာ အမျိုးသမီးတွေအနေနဲ့ ကျန်းမာအောင် ဘယ်လိုနေကြမလဲ…။
ကျွန်မတို့ မြန်မာလူမျိုးတွေအနေနဲ့ တစ်ယောက်အတွက် တစ်ယောက် တောင်းဆုဆန္ဒပြုကြတဲ့အခါ၊ မေတ္တာပို့သကြတဲ့အခါတွေမှာ ကိုယ်၊ စိတ် နှစ်ပါး ကျန်းမာ၊ ချမ်းသာကြစေဖို့ မျှော်မှန်းပြောဆိုကြလေ့ရှိပါတယ်။ ဒါဟာ စိတ်ရော ကိုယ်ပါ ကျန်းမာမှသာ ကိုယ်အလိုဆန္ဒရှိရာကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့ ကျန်းမာရေးကောင်းမွန်မှုရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြနေတာပါပဲ။ အသက်ရှင်သန်မှုဟာ အရေးကြီးတာမှန်ပေမဲ့ အသက်ရှင်နေစဉ်မှာ ကျန်းကျန်းမာမာရှိမှသာ ရှင်သန်မှုရဲ့ အဓိပ္ပါယ်ကို အပြည့်အဝခံစားရင်း ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေအတွက် မျှော်လင့်ချက်ထားနိုင်မယ်မဟုတ်လား…။ဒီအပတ်ရဲ့ “သိစေချင်လို့” ကဏ္ဍမှာတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ခန္ဓာကျန်းမာပြီး စိတ်အာဟာရပြည့်ဝစေဖို့ လိုက်နာလုပ်ဆောင်နိုင်မဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။
****************************************
ခန္ဓာကိုယ် ကြံ့ခိုင်ဖို့
ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့အတွက် အခြေခံကတော့ လေ့ကျင့်ခန်းလုပ်တာပါပဲ။ ဒါဟာ ပြင်ပပတ်ဝန်းကျင်ကို ထိတွေ့ဖြစ်ပြီး တက်ကြွလာစေမဲ့ အခွင့်အရေးတစ်ခုဖြစ်သလို မတတ်သာလို့ အခန်းတွင်းမှာပဲနေရင်း လုပ်မယ်ဆိုရင်တောင် ကောင်းကျိုးတွေဖြစ်ထွန်းစေမှာပါ။ အမြင်သာဆုံးကတော့ ကိုယ်အလေးချိန် ထိန်းပေးတာမို့ အဝလွန်တဲ့အခါမှာ ဖြစ်ပေါ်လာမဲ့ ရောဂါဘယတွေကို ကာကွယ်ပြီးသား ဖြစ်သွားတာပါပဲ။ ဥပမာအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါလို နှလုံးရောဂါအမျိုးမျိုး၊ ဆီးချိုနဲ့ သွေးတိုးရောဂါ၊ အသည်းအဆီဖုံးတဲ့ ရောဂါ၊ အဆစ်အမြစ်ရောင်တဲ့ရောဂါတွေ၊ တချို့ ကင်ဆာရောဂါတွေနဲ့ လေဖြတ်တာလို နာတာရှည်ရောဂါတွေပေါ့။ ဒါတွေအပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သက်လုံအားကိုတိုးစေတာမို့ အမောခံနိုင်လာပြီး ကြံ့ခိုင်လာတာအပြင် လေးလံထိုင်းမှိုင်းနေတတ်တဲ့ စိတ်အခြေအနေကနေပါ လွတ်မြောက်စေမှာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်ပေါ့ပါးဖို့အတွက်ရော စိတ်နှလုံးကြည်သာစေဖို့အတွက်ပါ အထောက်အကူပြုတာကို တွေ့ရမှာပါ။
လေ့ကျင့်ခန်း လုပ်ကြတဲ့အခါမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးနင်းတာ၊ ကြိုးခုန်တာလိုမျိုး အိမ်အပြင်ဘက်မှာ လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေအပြင် ဒိုက်ထိုးတာ၊ အိပ်ထ၊ မတင် လုပ်တာ၊ Plank ထောက်တာနဲ့ ယောဂလို အိမ်တွင်းလှုပ်ရှားမှုတွေအထိ အမျိုးမျိုးရှိပါတယ်။ ဒီလိုတွေထဲကနေ ကိုယ်နဲ့အဆင်ပြေ ကိုက်ညီမဲ့လေ့ကျင့်ခန်းမျိုးကို ရွေးချယ်ပြီး နေ့စဉ်၊ ဒါမှမဟုတ် တစ်ပတ်မှာ သုံးရက်ကနေ ငါးရက် ပုံမှန်လေးလုပ်ဆောင် သွားနိုင်ပါတယ်။
သတိပြုဖို့ရှိတာက လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ အကြောလျှော့ဖို့ မမေ့သင့်တာပါပဲ။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်အားမတူကြတဲ့အတွက် ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာကိုပဲ တစ်နေ့ချင်းလုပ်သွားရင် အဆင်ပြေပါတယ်။
****************************************
တစ်ကိုယ်ရေ သန့်ရှင်းမှု
အိပ်ခန်းအတွင်း သန့်ရှင်းရေး ပုံမှန်မလုပ်နိုင်တာ ဒါမှမဟုတ် နေရောင်ခြည်မရလို့ စိုစွတ်ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတာက မှိုနဲ့ ဘက်တီးရီးယားပေါက်ပွားနှုန်းကို မြင့်မားစေပြီး နှာချေ၊ ချောင်းဆိုးတာကအစ တစ်ခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ်နဲ့ အမြဲထိတွေ့နေတဲ့ပတ်ဝန်းကျင်က သန့်ရှင်းမှလည်း အရေပြားရောဂါ အမျိုးမျိုးမဖြစ်ပွားဘဲ စိတ်မရှုပ်ရမှာပါ။
ဒါကြောင့် အိပ်ရာနဲ့ ကိုယ်အမြဲရှိနေတတ်တဲ့ နေရာထိုင်ခင်းတွေကို သပ်သပ်ရပ်ရပ် ထားဖို့က ကျန်းမာရေးပိုင်းအတွက်ရော စိတ်ကြည်လင်စေဖို့အတွက်ပါ အရေးကြီးရတာပေါ့။ ဒါ့အပြင် ရေနဲ့ ဆပ်ပြာ ရှားပါးတဲ့ ဒေသတွေမှာဆိုရင် လက်ကို မကြာခဏ ဆေးကြောဖို့ မလွယ်ကူတာကြောင့် ခြေသည်း၊ လက်သည်းတွေကို ခပ်တိုတိုပဲ ဖြတ်ထားသင့်ပါတယ်။
နောက် ဓမ္မတာလာတဲ့အခါမှာ အသုံးပြုတဲ့ လစဉ်သုံးပစ္စည်းတွေကိုလည်း တစ်နေ့ကို အနည်းဆုံး လေးကြိမ်လောက် လဲလှယ်ပေးသင့်ပြီး မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဂရုပြုကြသင့်ပါတယ်။ လစဉ်သုံးပစ္စည်းရှားပါးလို့ အဝတ်စတွေကို အစားထိုးအသုံးပြုမယ် ဆိုရင်လည်း ဆပ်ပြာနဲ့ စနစ်တကျ လျှော်ဖွပ်တာ၊ ရေနွေးပူထဲစိမ်ပြီး ပိုးသတ်တာနဲ့ နေရောင်ထဲမှာ ခြောက်သွေ့နေအောင်လှမ်းထားပြီး သန့်ရှင်းရေးအတွက်ဂရုစိုက်ကာ အသုံးပြုကြသင့်ကြောင်းပါ။
****************************************
စိတ်ကြည်လင်ပေါ့ပါးစေဖို့
ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရ ပုံမှန်နေ့စဉ်ဘဝတွေမှာ အပြောင်းအလဲတွေ များလာတဲ့အခါ အနာဂတ်အတွက် စိုးရိမ်ပူပန်ရတာ၊ ဒေါသထွက်နေပြီး ထိုင်းမှိုင်းလေးလံနေတာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာ အစရှိတဲ့ မကောင်းတဲ့ ခံစားချက်တွေကို အချိန်အများစုမှာ ခံစားမိနေတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ပုံချင်းမတူညီကြတာမို့ ကိုယ့်ကိုယ်ကိုယ် အပစ်မတင်ဘဲ လက်ခံပြီး ရင်ဆိုင်ကျော်လွှားဖို့ နည်းလမ်းကိုသာ အလေးပေးပြီးရှာဖွေကြရမှာပါ။
အထက်မှာဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ပတ်ဝန်းကျင်နဲ့ ပုံမှန်ထိတွေ့ပေးတာကလည်း စိတ်ပေါ့ပါးစေမှာဖြစ်သလို ကိုယ်ဝါသနာပါတဲ့ (စာအုပ်ဖတ်တာ၊ အပင်စိုက်တာ၊ စာရေးတာ၊ သီချင်းဆိုတာ အစရှိသဖြင့်) အရာတွေကို လုပ်ဆောင်ရင်းလည်း စိတ်ဖိစီးမှု လျှော့ချနိုင်ပါတယ်။
ဒါ့အပြင်တရားထိုင်တာနဲ့အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊အဖွဲ့အစည်းတစ်ခုခုမှာစေတနာ့ဝန်ထမ်းလုပ်တာတွေကနေ တစ်ဆင့် စိတ်အာဟာရကို ဖြည့်တင်းနိုင်ပါတယ်။
ဒါတွေကပါ မလုံလောက်သေးဘူးလို့ ခံစားရတာမျိုး၊ တစ်ယောက်ယောက်နဲ့ စကားပြောဆိုရင်း ရင်ဖွင့်ချင်လာတဲ့အခါ နားထောင်ဖော်မရှိတာမျိုးဆိုရင်တော့ အွန်လိုင်းကတစ်ဆင့် ပြောဆိုနိုင်မဲ့ ယုံကြည်စိတ်ချရတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (ဥပမာ- mental health, MYEO စသဖြင့်) တွေဆီ ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။
လူတွေအချင်းချင်း အကူအညီပေးနိုင်တာဟာ ကောင်းမွန်မှုတစ်ခုဖြစ်သလို အကူအညီတောင်းခံရာမှာလည်း ရှက်ရွံ့နေဖို့ မလိုအပ်တာကိုတော့ သတိပြုကြစေလိုပါတယ်။
အခုလို ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့အတွက် လိုက်နာလုပ်ဆောင်ရမဲ့ နည်းလမ်းတွေဟာ အရေးကြီးသလို စိတ်ခံစားချက်ကို အဆိုးဘက်ကနေ သက်ရောက်စေမဲ့ စကားလုံးတွေ၊ အခြေအနေတွေကနေ တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့လည်း လိုအပ်ပါသေးတယ်။
ဆိုရရင် သတင်းတွေနဲ့ အဆက်မပြတ်ဖို့ဟာ အရေးပါတာမှန်ပေမဲ့ လက်ရှိမှာ ကိုယ် လက်လှမ်းမမီနိုင်သေးတဲ့ အရာတွေအတွက် အလွန်အမင်းစိတ်နှစ်ပြီး ခံစားတာမျိုးကို သတိပြုထိန်းချုပ်သင့်ပါတယ်။
ဒီလိုတွေအပြင် အိပ်ရေးဝဝအိပ်တာ၊ ရေဓာတ်ပြည့်ဝအောင်နေတာ၊ အာဟာရမျှတအောင်စားသုံးတာနဲ့ အကောင်းဘက်က များများတွေးနိုင်အောင် လေ့ကျင့်ယူတာတွေကလည်း နေ့စဉ်ဘဝမှာ မယိုင်မလဲရှေ့ဆက်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပြင်ပဆေးခန်းတွေကိုမသွားနိုင်ရင်လဲ “တယ်လီကျန်းမာ” လို အွန်လိုင်းဆေးခန်းတွေမှာ လွယ်လင့်တကူ တိုင်ပင်ပြသလို့ရနေပါပြီ။
ဒီနေ့ဖော်ပြခဲ့တာတွေကနေတစ်ဆင့် အရွယ်အမျိုးမျိုးက အမျိုးသမီးတွေအနေနဲ့ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုတွင်းနဲ့ ပတ်ဝန်းကျင်ကအမျိုးသမီးတွေအတွက်ပါ ဂရုစိုက်နိုင်မဲ့ နည်းလမ်းတချို့ကို သိရှိသွားမယ်လို့ မျှော်လင့်ရင်း နောက်တစ်ပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်လေးမှာ ထပ်မံဆုံတွေ့ကြပါမယ်။
References
“7 Great Reasons Why Exercise Matters.” Mayo Clinic,
“Coping With War-Related Stress: Information for Military Families and Communities.” Mental Health America,
“Obesity – Symptoms and Causes.” Mayo Clinic,
“What You Should Know About Fasting.” WebMD,
Image https://images.app.goo.gl/Zi2RvmvyCBvaf1NB7