မွန် ခြောက်မြို့နယ်မှာ မိုးကြီးပြီး မြစ်ရေတက်လို့ လူနေရပ်/ကျေးတွေ ရေကြီးနေ၊ ဘီးလင်းမှာ ရေဘေးရှောင် ၃၆၀၀ ဦးကျော်ရှိ

Author မင်းထက်
Categories
Published on Jul 26, 2024

မိုးသည်းထန်တဲ့အပြင် မြစ်ရေမြင့်တက်မှုများကြောင့် မွန်ပြည်အတွင်းရှိ မြို့နယ်ခြောက်ခုမှာ ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

ကျိုက်ထီးရိုးဘုရားရှိရာ ကျိုက်ထိုအပါအဝင် ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်များရှိ ရပ်ကွက်နဲ့ ကျေးရွာများထဲအထိ ရေဝင်နစ်မြုပ်မှုများဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“နေရတာတော့ အဆင်မပြေဘူးလေ။ ရေတွေက အိမ်ထဲထိ၀င်နေတော့ နေရထိုင်ရအဆင်မပြေဘူး။ ဒီဘက်ကတော့ တခြားဘက်မှာလောက် အခြေအနေမဆိုးနေတော့ လက်ရှိအချိန်ထိတော့ အိမ်မှာပဲနေနေတယ်” လို့ ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီလိုပဲ ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ၊ ဒေါင်းရပ်ရွာ၊ ရွေအင်ဒုံရွာနဲ့ တောင်ကလေးရွာ လမ်းပိုင်း၊ ​ဘီးလင်းမြို့ပေါ် ကမ်းနားနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ၀င်နေတာကြောင့် ဘီးလင်းမြို့နယ်က လူဦးရေ ၃၆၀၀ ဦးကျော်ရေဘေးရှောင်နေရပြီး ၎င်းတို့ကို ဘီးလင်းမြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးက ကူညီစောင့်ရှောက်ပေးထားတယ်လို့ အကူအညီပေးနေသူများထံမှ သိရပါတယ်။

“နှစ်စဥ်ဖြစ်နေကျပါပဲ။ ကယ်ဆယ်ရေးစင်တာဖွင့်ထားပေးပါတယ်” လို့ အဲဒီမှာကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက စတင်ကာ ရေ၀င်ရောက်လာမှုကြောင့် ယနေ့ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းချိန်ထိ ရန်ကုန်-မော်လမြိုင်လမ်းရေကျော်နေလို့ ကားလမ်းပိတ်ထားရကြောင်း သိရပါတယ်။

 

စစ်ကောင်စီ မိုးဇလဌာနရဲ့ ယနေ့ ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ မြစ်ရေတိုင်းထွာချက်များအရ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ စိုးရိမ်ရေမှတ်ထက် နှစ်ပေခွဲနီးပါး(၇၄ စင်တီမီတာ)ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း ပေ၀က်ခန့်ထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

 

ဓာတ်ပုံ – CJ