မှော်ဘီမှာ ယာဉ်တိုက်မှုဖြစ်ပွား၊ ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on Jul 26, 2024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမပေါ်မှာ ယမန်နေ့ မနက်ပိုင်းက ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိလို့ နှစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ် လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ မြင့်မြတ်စေတနာလူမှုကူညီရေးအသင်း(မှော်ဘီ)ထံမှ သိရပါတယ်။

 

ဇူလိုင် ၂၅ ရက်နေ့ မနက် ၆ နာရီခန့်က အမှတ် ၄ လမ်းမ ကျောက်ပုန်းကျေးရွာအနီးမှာ ခရီးသည်တင် Hilux ယာဉ်နဲ့ Hijet ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်တယ်လို့ အဲဒီအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ကားနှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိတာ။ Hilux ပေါ်က အမျိုးသမီး တစ်ဦးသေဆုံးတယ်။ သုံးဦးဒဏ်ရာရပါတယ်။ Hijet ပေါ်ကလည်း အမျိုးသား တစ်ဦးသေဆုံးတယ်။ သုံးဦး ဒဏ်ရာရပါတယ်။ သေဆုံးသူတွေကိုတော့ မှော်ဘီဆေးရုံရင်ခွဲရုံကိုပို့ပါတယ်။ ဒဏ်ရာပြင်းထန် ခြောက်ဦးကိုတော့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ ယခုမိုးတွင်းကာလ ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာပါ။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ်မှာ ယာဉ်သုံးစီးဆင့်တိုက်လို့ မင်္ဂလာဆောင်လုဆဲဆဲ အမျိုးသမီးတစ်ဦးနဲ့ သူငယ်ချင်းတို့ သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဇွန်လ ၂၉ ရက်ကလည်း သာကေတနဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ လူနှစ်ဦးသေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်‌တို့ကလည်း ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – မြင့်မြတ်စေတနာလူမှုကူညီရေးအသင်း(မှော်ဘီ)