တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်း အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Jul 26, 2024

တအာင်းတပ် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲမှု ယမန်နေ့က တစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

 

တစ်လတာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်များကို လေကြောင်းနဲ့ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂၅ ဦး သေဆုံးခဲ့ပြီး ၁၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က သတင်းထုတ်ပြန်ပါတယ်။

 

ရှမ်းမြောက် ကျောက်မဲမြို့မှာ အမျိုးသမီး ၁၄ ဦးအပါအဝင် ၃၈ ဦး၊ နောင်ချိုမြို့မှာ အမျိုးသမီးရှစ်ဦးအပါအဝင် ၁၈ ဦး၊ မိုးမိတ်မှာ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦး၊ လားရှိုးမှာ ကလေးငယ် ငါးဦးအပါအဝင် ၃၈ ဦးနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကလေးငယ် ကိုးဦးအပါအဝင် ၂၈ ဦး စသဖြင့် အရပ်သားတွေ သေဆုံးခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒဏ်ရာရသူတွေကတော့ ကျောက်မဲမြို့မှာ ကလေးငယ် လေးဦးအပါအဝင် ၄၀ ဦး၊ နောင်ချိုမြို့မှာ လေးဦး၊ မိုးကုတ်မြို့မှာ ကလေးငယ် ဆယ်ဦးအပါအဝင် ၅၈ ဦး၊ မိုးမိတ်မြို့မှာ ၁၂ ဦး၊ လားရှိုးမြို့မှာ ၄၈ ဦး၊ သီပေါမြို့နယ်မှာ ငါးဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဘုန်းကြီးကျောင်း ရှစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်းနဲ့ လူနေအိမ် ၉၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

 

ဒါကြောင့် ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လတာကာလအတွင်း တအာင်းတပ် TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက  စစ်ကောင်စီ တပ်စခန်းပေါင်း ၅၁ ခုအထိသိမ်းပိုက်နိုင်ခဲ့ကာ နောင်ချိုနဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း မန္တလေးတိုင်းထဲက ရှမ်းမန်းစစ်ဆင်ရေးမှာလည်း မန်း PDF နဲ့ ပူးပေါင်းအဖွဲ့တွေက စဉ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို မတ္တရာမြို့နယ်ထဲက စစ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ပါတယ်။ ဆက်လက်ပြီး ပုသိမ်ကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့ထဲက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA

 

 

Related News

Depend on news