လားရှိုးသိမ်းခံရလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ဒေါသထွက်နေတယ်

Author အကြင်နာ 
Categories
Published on Jul 26, 2024

ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ရှိရာ လားရှိုးမြို့ သိမ်းခံရပြီးနောက် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက် ရှင်းလင်းပြောကြားမှုပြုလုပ်လာပါတယ်။

 

အဲဒီထဲ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်တွေကို ချေမှုန်းနေတဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ BPLA တို့ကို စိတ်ဆိုးဒေါသထွက်နေတာကို အသံနဲ့ အမူအရာအရ တွေ့မြင်ရပါတယ်။

 

အဲဒီတပ်ဖွဲ့တွေကို အကြမ်းဖက်တွေလို့ သုံးရိုးသုံးစဉ် သုံးနှုန်းသွားပါတယ်။

 

ထူးခြားတာကတော့ ဓားပြအဖွဲ့တွေလို့အကြိမ်ကြိမ် သုံးနှုန်းသွားသလို လောက်ကောင်တွေလို့လည်း ဒေါသတကြီး ပြောဆိုသွားတာတွေ့ရပါတယ်။

 

ဒါ့အပြင် လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ရှမ်းမြောက်နဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်းက သတင်းမှန်ဖော်ပြမှုတွေကိုလည်း ပြည်ဖျက်မီဒီယာတွေ၊ လောက်ကောင်တွေ၊ ပြည်ပအားကိုးပုဆိန်ရိုးတွေလို့ ဒေါသတကြီး ပြောဆိုသွားပါတယ်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ စစ်ကောင်စီကိုတော်လှန်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်လို့ ၈ ကြိမ်အထိအသုံးပြုခဲ့သလို ဓားပြတွေလို့လည်း ၈ ကြိမ်အထိ အများဆုံး ပြောဆိုခဲ့ပါတယ်။

 

အဲဒီနောက် လောက်ကောင်တွေလို့ ၃ ကြိမ်၊ ပြည်ဖျက်မီဒီယာတွေလို့ ၂ ကြိမ်ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

 

တော်လှန်ရေးအဖွဲ့တွေဘက်က ရှော့တိုက်ဒုန်းနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်မှုကြောင့် လားရှိုးမှာ ကလေးငယ်ငါးဦးအပါအဝင် ၃၀ ဦးသေဆုံးသလို ၅၅ ဦးဒဏ်ရာရတယ်လို့ ပြောပါတယ်။

 

အဲဒီက အရပ်သားတွေဟာ သားစဉ်မြေးစက်၊ အနှစ်နှစ်အလလ ရှာဖွေစုဆောင်းတည်ဆောက်ထားရတဲ့ အိမ်တွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို စွန့်ခွာထွက်ပြေးရပြီး တိုက်ပွဲရှောင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

 

ရှမ်းမြောက်က ပြည်သူတွေဟာ ပြင်ဦးလွင်၊ တောင်ကြီး၊ မန္တလေးအပါအဝင် တခြားနေရာတွေကို ခိုလှုံရသူ သိန်းနဲ့ချီရှိတယ်လို့ ပြောပါတယ်။

 

တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သတင်းမှန်တွေကို ဖော်ပြပေးနေတဲ့ သတင်းဌာနတွေကို “စိတ်ပျက်ဖွယ်တွေ့ရတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

 

အရပ်သားသေကြေပျက်စီးမှု၊ ဘာသာရေးအဆောက်အဦနဲ့ နေအိမ်တွေပျက်စီးရမှုကို သတင်းမီဒီယာတွေက ဝမ်းသာအားရဖြစ်နေတယ်လို့ သူက စွပ်စွဲပြောဆိုပြန်ပါတယ်။

 

“ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းပြီး ထိထိရောက်ရောက်ပြတ်သားစွာ ဆန့်ကျင်ကြရပါမယ်” လို့ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

 

ဇူလိုင် ၂၅ ရက် MNDAA ရဲ့ မြို့သိမ်းကြေညာမှုဟာ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။

 

MNDAA နဲ့အတူ လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ BPLA ကို “ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့” လို့ ဒေါသတကြီး သုံးနှုန်းပြောဆိုသွားပါတယ်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထူးခြားချက်အနေနဲ့ MNDAA ရဲ့ တရုတ်ဘာသာစကားနဲ့ထုတ်ပြန်ချက်တွေကို Tik Tok, We Chat တို့မှာ ထုတ်ပြန်ခဲ့တာတွေကို ထည့်ပြောခဲ့ပါတယ်။

 

နောက် MNDAA, TNLA နဲ့ PDF အဖွဲ့ဝင်တွေဟာ ဇူလိုင်လအတွင်း လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ ဒေသတွေမှာ သေဆုံး၊ ပျောက်ဆုံး၊ ထွက်ပြေးသူတွေများခဲ့တယ်လို့ ပြောပါတယ်။

 

ဒါကြောင့် ဒေသခံတွေကို တပ်သားအဖြစ်စုဆောင်းပြီး တိုက်ပွဲဝင်စေခဲ့တယ်လို့ စစ်ရှုံး ဗိုလ်ချုပ်က ပြောပါတယ်။ အဲဒီမှာလည်း သေကြေပျက်စီးမှုတွေ ထပ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

တော်လှန်ရေးအင်အားစုတွေက မတရားတပ်သားစုဆောင်းခံရသူတွေအနေနဲ့ စစ်ကောင်စီတပ်တွေဆီ ထွက်ပြေးလာဖို့ တိုက်တွန်းသလို အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ ပြည်သူတွေမလိုလားတဲ့ စစ်မှုထမ်းဥပဒေအတည်ပြုထားသူ စစ်ကောင်စီ ဗိုလ်ချုပ်က ပြောပါတယ်။

 

လားရှိုးမြို့တိုက်ခိုက်မှုကို ဒေသခံတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ၊ တရုတ်နိုင်ငံသားတွေ ဝိုင်းဝန်းကန့်ကွက်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။

 

ဒီကနေ့ ဇူလိုင် ၂၆ ရက်က လူမှုကွန်ရက်ပေါ် ပြန့်နှံ့ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ပေါ် လှည့်လည်သွားလာမှုတွေနဲ့ပတ်သက်ပြီး “အရပ်ဝတ်တွေနဲ့ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ မြို့ပေါ် မော်တော်ယာဉ်နဲ့လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

 

အကြောင်းအမျိုးမျိုးပြပြီး ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်လို့ ပြောပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းထိတွေ့တိုက်ပွဲဖြစ်ခဲ့မှုတချို့နဲ့ပတ်သက်ပြီး “သူတို့အချင်းချင်းတောင် နယ်မြေလုနေတာ” လို့ ထည့်ပြောသွားပါတယ်။

 

စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့နယ်မြေတွေမှာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားမှုမှာ ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံမှုအပေါ် မေးခွန်းထုတ်ချင်တယ်လို့ ပြောသလို ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ယူနေတဲ့ ဓားပြအဖွဲ့အစည်းတွေသာဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျသွားတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “သူတို့တပ်မှာ စစ်တိုင်း ၁၄ ခုရှိတဲ့အနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့စစ်တိုင်းကြီးဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။

 

ရမခဟာ “ကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပတွေရဲ့ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့ပါတယ်” လို့ ပြောပါတယ်။

 

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေကို တော်လှန်မှုနဲ့ပတ်သက်ပြီး “ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီး မီးလိုဖြစ်နေပါပြီ” လို့ ပြောပါတယ်။

 

“မြန်မာနိုင်ငံ ရှိနေသရွေ့ တပ်မတော်ရှိပါမယ်။ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရပါမယ်။ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှု အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝစေရပါမယ်” လို့ ပြောသွားပါတယ်။

 

နောက်ဆုံးမှာတော့ “အမိမြေ သာယာစေဖို့ ငါတို့မြေကို ငါတို့ ကာကွယ်ကြပါစို့” လို့ ပြောရင်း အဆုံးသတ်သွားပါတယ်။