အမေရိကန် သမ္မတလောင်းအဖြစ် တစ်ပြေးနေသူ ဒုသမ္မတ တရုတ်လုပ် Tik Tok စသုံး

Author အဂ္ဂ
Categories
Published on Jul 26, 2024

အမေရိကန်ပြည်ထောင်စုရဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တစ်ပြေးနေတဲ့ ကမ်မလာ ဟဲရစ်ဟာ တရုတ်လုပ် Tik Tok ကို စအသုံးပြုလာပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံမှုအပြည့်အဝပေးထားတဲ့ ဒုသမ္မတ ကြာသပတေးနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ သူ(မ)ရဲ့ Tik Tok အကောင့်(@kamalaharris)ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

 

လွန်ခဲ့တဲ့လေးရက်ကစလို့ သူ(မ)ရဲ့ သမ္မတမဲဆွယ်စည်းရုံးပွဲတွေစတင်ချိန်ကတည်းက Tik Tok အပါအဝင် တခြားလူမှုကွန်ရက်တွေမှာ သူ(မ)ပုံရိပ်တွေပါဝင်တဲ့ Memes တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ အတော်လေး ပျံ့နှံ့လာခဲ့ပါတယ်။

 

သူ(မ)ရဲ့ Tik Tok မှာ ပထမဦးဆုံးတင်ခဲ့တဲ့ ပို့စ်မှာ “အခုတော့ (Tik Tok) အသုံးပြုဖို့အချိန်ရောက်ပြီ ထင်ပါတယ်” လို့ ရေးသားထားခဲ့ပြီး ပူးတွဲတင်ထားတဲ့ ရုပ်သံမှာလည်း “အခုတလော ကျွန်မက For You စာမျက်နှာမှာရောက်နေတယ်လို့ ကြားနေရပါတယ်” လို့လည်း ပြောခဲ့ပါတယ်။ For You စာမျက်နှာဟာ သုံးစွဲသူတွေကို သူတို့သုံးစွဲနေတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီး လူပုဂ္ဂိုလ်တွေ၊ စာမျက်နှာတွေကို အကြံပြုပြသတဲ့ စာမျက်နှာဖြစ်ပါတယ်။

 

ဒါ့အပြင် သူ(မ)ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ချုပ်ကလည်း Tik Tok စာမျက်နှာတစ်ခုရှိပါတယ်။ အဖွဲ့ချုပ် စာမျက်နှာနဲ့ ဝန်ထမ်းတွေကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ သမ္မတလောင်း အဖြစ်ကနေ နုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးရေး စာမျက်နှာနဲ့ ဝန်ထမ်းတွေကိုပဲ ဆက်လက်ပြီး ခန့်အပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဲဒီစာမျက်နှာကို မစ္စဟဲရစ် လက်လွှဲစယူချိန်က စောင့်ကြည့်သူ(Follower) လေးသိန်းလေးသောင်းကျော်သာ ရှိပေမဲ့ အခုတော့ စောင့်ကြည့်သူ ၁ ဒသမ ၇ သန်းအထိ သုံးဆကျော် မြင့်တက်လာခဲ့တယ်လို့လည်း မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

 

မစ္စဟဲရစ်နဲ့ပတ်သက်လာရင် လက်ဝဲယိမ်းတတ်တဲ့ Tik Tok ပို့စ် ၉၅ ရာခိုင်နှုန်းလောက်ဟာ အခုအချိန်မှာတော့ သူ(မ)နဲ့ပတ်သက်ပြီး အကောင်းမြင်တဲ့ သဘောထားတွေရှိနေတာကို တွေ့ရတယ်လို့ လူမှုကွန်ရက် ခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်တဲ့ ကုမ္ပဏီ CredoIQ ကိုတည်ထောင်သူ ဘန်ဒါး(Ben Dar) က ဆိုပါတယ်။

 

“တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ အပါအဝင် ပြီးခဲ့တဲ့နှစ်လအတွင်းက ဘယ်အဖြစ်အပျက်တွေကမှ အခုလိုမျိုး နေ့ချင်းညချင်းကြီး သဘောထားတွေ ပြောင်းသွားတာမျိုးဖြစ်အောင် လုပ်နိုင်တာကို မတွေ့ရပါဘူး” ဆိုပြီး ဂယက်ထခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တွေအပေါ်အခြေခံပြီး မစ္စတာ ဘန်ဒါးက အီးမေးလ်ထဲမှာ ဆက်ပြီး ဖြေကြားခဲ့တာပါ။

 

မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရော့ဖလဲဟ်တီ (Rob Flaherty)ကတော့ ပြိုင်ဆိုင်မှုတွေထဲမှာ မစ္စဟဲရစ်က အားလုံးရဲ့ အာရုံစူးစိုက်မှုကိုရရှိစေဖို့ သေချာအောင် လုပ်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် Tik Tok ပေါ်မှာပဲ သီးခြားရှိနေတဲ့ သူတွေနဲ့လည်း မစ္စဟဲရစ်က စစ်မှန်တဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက်နိုင်မယ်လို့လည် ယုံကြည်နေပါတယ်။

 

ဒါပေမဲ့ လက်ရှိမှာတော့ မစ္စဟဲရစ်ရဲ့ Follower အရေအတွက်ဟာ အခုနှစ် သမ္မတရွေးကောက်ပွဲမှာ သူ့ရဲ့ ပြိုင်ဘက်အဖြစ်ရှိနေတဲ့ Tik Tok Follower ၉ ဒသမ ၂ သန်းရှိတဲ့ ဒေါ်နယ်ထရမ့်ထက်စာရင် အတော့်ကိုနည်းပါးပါသေးတယ်။

 

မစ္စဟဲရစ်ဟာ သူ(မ) ရဲ့ ပထမဦးဆုံး ပို့စ်တင်လိုက်ပြီး နာရီပိုင်းအကြာမှာပဲ Follower ၉၆၅,၀၀၀ ကျော်ရှိခဲ့သလို သူ(မ)ရဲ့ ဗီဒီယိုကို ကြည်ရှုသူကလည်း ၅ ဒသမ ၁ သန်းအထိ ရှိခဲ့ပါတယ်။ (အခုလက်ရှိ သတင်းရေးသားချိန်မှာတော့ Follower ၁ ဒသမ ၄ သန်းအထိရှိနေပါပြီ။)

 

ပန်ဆယ်ဗေးနီးယားက အထက်လွှတ်တော်အမတ် ဂျွန်ဖက်တာမန်းနဲ့ နယူးယောက်က ကိုယ်စားလှယ် အလက်ဇန်းဒရီးယား အိုကာဆီယိုကော်တက်ဇ်တို့အတွက် မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ကူညီပေးခဲ့ဖူးတဲ့ ဒစ်ဂျစ်တယ်နိုင်ငံရေး အတိုင်ပင်ခံ အန်နီဝူဟင်နရီကတော့ လတ်တလော လူမှုကွန်ရက်တွေမှာ မစ္စဟဲရစ်နဲ့ ပတ်သက်ပြီး လူတွေစိတ်ဝင်တစားဖြစ်လာရခြင်းဟာ အတင်းအကျပ်လုပ်ယူထားတာမဟုတ်ဘဲ သူ(မ)အကြောင်းကို တကယ်သိချင်ကြတဲ့ မဲဆန္ဒရှင်တွေဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 

“စိတ်ဝင်စားဖို့အတင်းအကျပ်လုပ်နေတာထက် အခုလို လူမှုကွန်ရက်က သူတို့တွေရဲ့အပျော်တွေမှာပဲ လိုက်ပါစီးမျောတာက ပိုပြီး ထိရောက်တဲ့ ဉာဏ်ပြေးတဲ့ နည်းလမ်းတစ်ခုပါပဲ” လို့ မစ္စဟင်နရီက မဲဆွယ်စည်းရုံးရေးအဖွဲ့ရဲ့ နည်းဗျူဟာကို သုံးသပ်ပါတယ်။

 

လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံသား သန်း (၁၇၀) ကျော်ဟာ Tik Tok အကောင့်တွေရှိကြပြီး ဒါဟာ သူတို့တွေ ဘယ်လောက်အတိုင်းအတာအထိ လွှမ်းခြုံနိုင်တယ်ဆိုတာကို ပြသနေတယ်လို့ Tik Tok ကုမ္ပဏီဘက်က ဆိုပါတယ်။ အသက် (၃၀) အောက်အရွယ်တွေရဲ့ သုံးပုံတစ်ပုံဟာ ဒီရဲ့ App ထဲကနေပဲ သတင်းတွေကို ရရှိနေတယ်လို့လည်း Pew သုသေသနစင်တာက ဆိုပါတယ်။

 

ဓာတ်ပုံ – Reuters

 

ကိုးကား- Bangkok Post