ကွမ်းခြံကုန်းမှာ လေဆင်နှာမောင်းတိုက်ခတ်၊ လူ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် ယာယီအသုံးအဆောင်များ အရေးပေါ်လိုအပ်


ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်က ကျေးရွာနှစ်ရွာမှာ ဒီကနေ့ မနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၇၀ ကျော် ပျက်စီးပြီးနောက် လူ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ အဲဒီမြို့ခံလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်။

 

ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက် ၂ နာရီခန့်က ကညင်ကုန်းနဲ့ ညောင်နီကုန်းကျေးရွာတို့ကို တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ အာယုပါလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ‌ပြောပါတယ်။

 

“နှစ်ရွာပေါင်းကို အိမ်ခြေ ၇၀ လောက်က နေမရတော့ဘူး။ ပျက်စီးသွားတယ်” လို့ ၎င်းက ‌ပြောပါတယ်။

 

ဒါကြောင့် အဲဒီအိမ်ခြေ ၇၀ က လူဦးရေ ၃၀၀ ကျော်ကို ကညင်ကုန်းရွာနားက စေတီအနီးမှာ ယာယီနေထိုင်ဖို့ နေရာချထားပေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

လတ်တလော လေဘေးသင့်သူ ၃၂၄ ဦးအထိ ရှိနေပြီး ယာယီနေထိုင်ဖို့ အမိုးအကာ၊ တာပေါ်လင်စ၊ အဝတ်အထည်နဲ့ စားစရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

 

ကူညီထောက်ပံ့ရေးအတွက် အာယုပါလအသင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို ကွမ်းခြံကုန်းမြို့ခံလူမှုကူညီရေးအသင်းတွေကလည်း ပြောင်းရွှေ့ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – အာယုပါလလူမှုကယ်ဆယ်ရေးအသင်း