ဖလမ်းမြို့သိမ်းတိုက်ပွဲသတင်းကြောင့် မြို့ခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေ

Author ဆလိုင်း
Categories
Published on Jul 26, 2024

ချင်းပြည်၊ ဖလမ်းမြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် မြို့ပေါ်နေ ဒေသခံ ခြောက်ထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေဟာ အဲဒီမြို့နယ်ထဲက ကျေးရွာတွေအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့အထိ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

 

ဖလမ်းမြို့သိမ်း တိုက်ပွဲသတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိ ဖလမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲသတင်းတွေ ထွက်လာလို့ လူတွေက ထွက်ပြေးကြတာပါ။ အခု မြို့ပေါ်နေ လူ သုံးပုံ တစ်ပုံလောက်က ကလေး၊ လူငယ်အကုန်လုံး ထွက်ပြေးကြတယ်။ အခုထိလည်း မြို့ထဲမှာ ဘာတိုက်ပွဲမှ မရှိသေးဘူး” လို့ မြို့ထဲမှာရှိနေသေးသူ ၎င်းက ပြောပါတယ်။

ဖလမ်းမြို့မှာ ထွက်ပြေးတိမ်းရှောင်သူ ထပ်တိုးနေတဲ့အတွက် မြို့ပေါ် ကျန်ရှိသေးသူတွေပါ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

 

ဖလမ်းမြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) စစ်ရေးလှုပ်ရှားတဲ့ မြို့ဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတူပီမြို့သိမ်းတိုက်ပွဲသတင်းထုတ်ပြန်ချက်ထဲ ယခုနှစ်မှာ ချင်းညီနောင်က ၎င်းတို့မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

 

ချင်းညီနောင်အဖွဲ့က ယခုနှစ် ဧပြီလထဲ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တို့ကို သိမ်းပိုက်ရရှိထားသလို ဇွန်လမှာ မတူပီမြို့ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

ဓာတ်ပုံ- ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဖလမ်းဒေသခံတွေကို တွေ့ရစဥ်