အိုးဘိုထောင်မှာ ထောင်အာဏာပိုင်တွေဝိုင်းရိုက်လို့ နိုင်/ကျဉ်းတစ်ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Jun 26, 2024

မန္တလေးတိုင်း၊ အိုးဘို ဗဟိုအကျဉ်းထောင်မှာ အခန်းစာရေးရဲ့ လုပ်ကြံတိုင်တန်းချက်ကြောင့် ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်ခြင်းခံရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

 

ဇွန်လ ၂၀ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီရဲ့ နိုင်ငံရေးပုဒ်မတစ်ခုဖြစ်တဲ့ ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ်လေးနှစ်ချခံရသူ ကိုထက်ရန်နိုင်(ခ)ကိုထက်(၂၃ နှစ်)သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

အိုးဘိုထောင် အိပ်ဆောင်(၃)ရှိ အခန်းစာရေး မူးယစ်ဆေးဝါးရောင်းချသည်ကို တွေ့ရှိခဲ့ရာမှ ပြဿနာစတင်ခဲ့ပြီး အခန်းလူကြီး(တန်းစီး)ရဲ့ညှိနှိုင်းမှုကို ကိုထက်က လက်ခံခဲ့ပေမဲ့ အခန်းစာရေးက မကျေနပ်နိုင်ဘဲ တပ်ကြပ်အဆင့်ရှိတဲ့ ထောင်ဝန်ထမ်းထံ ကိုထက်မှ ၎င်းကိုပြဿနာရှာ အနိုင်ကျင့်ကြောင်း သွားရောက်တိုင်တန်းချက်အရ တပ်ကြပ်က ကိုထက်ကို ရိုက်နှက်ခဲ့တာလို့ PPNM ထုတ်ပြန်ချက်က ဆိုပါတယ်။

 

ကိုထက်က သူ့မှာ အပြစ်မရှိ၍ ရိုက်နှက်ရန် မသင့်ကြောင်း ပြောဆိုခဲ့တာကို ကလန်ကဆန်လုပ်တယ်လို့ဆိုကာ စည်းကမ်းထိန်းသိမ်းရေးရုံး(Main Jail)သို့ ခေါ်ဆောင်ခံရပြီး Main Jail တာဝန်ခံ ထောင်ပိုင်လေးဆိုသူရဲ့ ခွင်ပြုချက်ဖြင့် အကျဉ်းထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

 

“အဓိကကတော့ မူးယစ်ဆေးဝါးလို့ပြောလို့ရတယ်။ ထောင်ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်တုတ်သဘောမျိုးမွေးမြူထားတဲ့သူတွေကို ဒါတွေပြန့်နှံ့အောင်လုပ်ခိုင်းလို့ရတော့ သူ့လူသူ Cover ပေးရင်း နှုတ်ပိတ်လိုက်တယ်လို့တောင်ပြောလို့ ရတယ်ဗျ” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

ဝါးဆစ်ပိတ်တုတ်များ၊ သံတုတ်များ၊ ကျဉ်စက်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရမှုကို မခံနိုင်လို့ ထွက်ပြေးပေမဲ့ အိပ်ဆောင်(၅) စိုက်ခင်းထဲ အကျဉ်းထောင်ဝန်ထမ်းတွေ ပြန်ဖမ်းမိသွားခဲ့ပြီးနောက် ထပ်မံရိုက်နှက်ခံရလို့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

 

အဲဒီလိုရိုက်နှက်ခံခဲ့ရပေမဲ့ လုံလောက်တဲ့ဆေးဝါးကုသမှုမပေးဘဲ အကျဉ်းထောင်ဆေးရုံဝန်းအတွင်းရှိ အရူးတိုက်သို့ ကနဦးပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ကာ ဇွန်လ ၂၁ ရက်နေ့မှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပေမဲ့ အိုးဘိုထောင်အာဏာပိုင်တွေကတော့ နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရတာလို့ လိမ်လည်ထုတ်ပြန်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

 

အကျဉ်းထောင်ဘက်က ထုတ်ပြန်ထားချက်မှာ လိမ်လည်ချက်တစ်ခုသာဖြစ်ပြီး အကျဉ်းဦးစီးဌာနက ဆရာဝန်တွေအပါအဝင် ဒီဖြစ်စဉ်မှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အကျဉ်းဦးစီးဌာနရဲ့ဖိအားကြောင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မှတ်ချက်ပေးပါတယ်။

 

ဓာတ်ပုံ – PPNM