မိုးထဲလေထဲ ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဆန်တိုးနေရတဲ့ ရန်ကုန်မြို့ခံများ

Author ကိုထက်
Categories
Published on Jun 26, 2024

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် မိုးကာလထဲ ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် အောက်ဆီဂျင်တန်းစီခြင်း၊ သေဆုံးသူတွေကို သင်္ဂြိုလ်ခွင့်ရရေး အလောင်းတွေတန်းစီခြင်းနဲ့အတူ တန်းစီခြင်းတွေ စတင်ခဲ့ရပါတယ်။

 

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲ စားဆီနဲ့ စက်သုံးဆီတွေ တန်းစီရပြီး ဒုက္ခထပ်တွေ့ခဲ့ကြရပါတယ်။

 

အခုနှစ် ဇွန်လထဲမှာတော့ မြန်မာပြည်သူတွေ ဆန်ပါ တန်းစီဝယ်ယူနေကြရပါပြီ။ ဒါဟာ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

 

ဒါကြောင့် ဒီနေ့ ဇွန်လ ၂၆ ရက် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)အစီအစဉ်နဲ့ ဝါးတန်းကုန်စည်ဒိုင်မှာ မိုးထဲလေထဲ ထီးကိုယ်စီနဲ့ ဆန်တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေရဲ့ ပုံရိပ်တွေကို CJ Platform က ဖော်ပြအပ်ပါတယ်။

အဲဒီမှာ အိမ်ထောင်စုတစ်ခုကို ဆန်တစ်အိတ်သာ ရောင်းချပေးပြီး၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြပြီး ဝယ်ယူရတယ်လို့ ဆန်ဝယ်ယူတွေက ပြောပါတယ်။

 

ရန်ကုန်မြို့မှာ MRF က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေအပါအဝင် ဝါးတန်းနဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်တို့က ဆန်ကုန်သည်နဲ့ ပွဲစားတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်ထဲ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခုလို ပြင်ပဈေးထက် လျော့နည်းတဲ့ဈေးနဲ့ ရောင်းချပေးလာခဲ့တာဖြစ်ပါတယ်။

 

ဇွန်လ ၂၄ ရက်ကစပြီး MRF အစီအစဉ်နဲ့ ဆန်ရောင်းပေးတာတွေကို ရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရန်ကုန်မြို့ ဝါးတန်းနဲ့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တွေမှာ ရောင်းပေးမယ်လို့ ကြေညာပါတယ်။

 

ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀၊ ဧည့်မထ တစ်အိတ်လျှင် ငွေကျပ် ၇၂,၀၀၀ မှ ၇၅,၀၀၀ တို့နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ MRF က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅၀၀၀၊ ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ နဲ့ ပေါ်ဆန်း ဆန်ငါးပြည်တစ်အိတ် ကျပ် ၂၅,၀၀၀ နဲ့ ရောင်းချပေးမယ်လို့ ဆိုထားပါတယ်။

 

သတင်းနှင့် ဓာတ်ပုံများ – ကိုထက်