စစ်ကိုင်းက မြို့နယ် ၁၁ ခုမှာ မြွေဆိပ်ဖြေဆေးရောင်းခွင့် စစ်ကောင်စီပိတ်ထားလို့ သုံးနှစ်အတွင်း မြွေကိုက်လို့ လူ ၃၀ ကျော်သေဆုံး

Author  Gold
Categories
Published on Jun 26, 2024

မြွေပွေးပေါတဲ့ အညာဒေသ စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီက မြွေဆိပ်ဖြေဆေးနဲ့ အရေးကြီးဆေးဝါးတွေကို ရောင်းချခွင့် ပိတ်ပင်ထားလို့ သုံးနှစ်အတွင်း မြွေအန္တရာယ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၀ ဦးခန့်ရှိတယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဘုတလင်၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်၊ ကနီ၊ မြောင်နဲ့ ပေါက် မြို့တွေမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ခန့်မှ ယခုအထိ စစ်ကောင်စီက မြွေဆိပ်ဖြေဆေးရောင်းခွင့်ပိတ်ထားတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

 

ဒါကြောင့် အဲဒီဒေသတွေမှာ ဝယ်ယူရခက်ခဲနေပြီး တစ်လုံးချင်းဝယ်ယူလို့ မရဘူးလို့ S&C အဖွဲ့တည်ထောင်သူ ကိုစိုးမိုးအောင်က CJ Platform သို့ပြောပါတယ်။

“ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာကျတော့ တော်လှန်ရေးရဲဘော်တွေ၊ စစ်ဘေးရှောင်တွေအကုန်လုံးက တောထဲမှာ နေကြရတာလေ။ အဲဒီတော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ကို ပိတ်ပင်ထားတာဗျ” လို့ ၎င်းက ပြောပါတယ်။

 

ဒါကြောင့် တခြားနိုင်ငံတွေကနေ မှာယူတင်သွင်းနေရပေမဲ့ စစ်ကောင်စီဘက်က တင်သွင်းရောင်းချတာတွေ့ပါက အရေးယူမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

“ခုလိုအပ်တာက မြွေဆိပ်ဖြေဆေး အလုံး ၂၈၀ လိုအပ်တာဗျ။ ၂၈၀ ဆိုတာက ဝယ်ယူရင် ၂၈၀ တစ်ဖာ ဝယ်ရတာပေါ့။ တစ်လုံးချင်း ဝယ်မရဘူး” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

တောင်ယာလုပ်ကိုင်ကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ သီးနှံရိတ်သိမ်းချိန် အများစုက မြွေပွေး၊ မြွေဟောက်တွေ အကိုက်ခံရပြီး ဆေးကုသပေးရသူ ၅၀ ဦးအထက်ရှိပြီဖြစ်တယ်လို့ S&C ထံမှ သိရပါတယ်။

သီးနှံဆွတ်ခူးချိန်ဖြစ်တဲ့ ဇူလိုင်လဟာ မြွေပေါတဲ့လဖြစ်တဲ့အလျှောက် မြွေဆိပ်ဖြေဆေးကို အရေး ပေါ်လိုအပ်နေပြီး ဆေးပြတ်လပ်သွားတာကြောင့် မြွေကိုက်ခံရလို့ ဇွန်လအတွင်း သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ရှိမြွေဆိပ်ဖြေဆေးတစ်လုံးလျှင် ၁၂၅,၀၀၀ ကျပ်စျေးရှိပြီး ဖာလိုက်ဝယ်ယူရတာကြောင့် တစ်ဖာလျှင် ကျပ်သိန်း ၃၅၀ ဈေးရှိတယ်လို့ သိရပါတယ်။

မြွေကိုက်ခံရတဲ့ လူနာတစ်ဦးအတွက် အနည်းဆုံး ဆေး ငါးလုံးကနေ အများဆုံး ဆယ်လုံးအထက်သုံးရတဲ့အတွက် အနည်းဆုံးကုန်ကျငွေ ကျပ်ရှစ်သိန်းခွဲ ရှိတယ်လို့ သိရပါတယ်။

 

အဆိပ်ရှိမြွေတွေဟာ အိမ်ထဲ၊ ခြံထဲဝင်ချိန် ကိုက်ခံရခြင်းအပြင် သီးနှံရိတ်သိမ်းချိန် ခြံထဲ၊ လယ်ထဲ ဆင်းတဲ့အခါ ကိုက်ခံကြရတယ်လို့ သိရပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနတွေနဲ့ ဆေးခန်းတွေမှာ မြွေဆိပ်ဖြေဆေးကို ဝယ်ယူလို့ ရနိုင်ပေမဲ့ စစ်ရှောင်တွေအနေနဲ့ မြို့ပေါ်သွားဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

 

ယခုလို မြွေဆိပ် ဖြေဆေးဝယ်ယူလို့ မရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးတာမျိုး မရှိဖူးသေးဘဲ ကိုယ်ထူကိုယ်ထ အလှူရှင်တွေနဲ့ လည်ပတ်နေရတာဖြစ်တယ်လို့ S&C ကူညီရေးအဖွဲ့ထံမှ သိရပါတယ်။

 

အာဏာသိမ်းကာလအတွင်း စစ်ဘေးရှောင်ဦးရေများပြားပြီး မြွေဆိုးပေါတဲ့ ကန့်ဘလူခရိုင်မှာ ၂၀၂၃ ခုနှစ်အတွင်း မြွေဆိုးကိုက်ခံရသူ ၉၂ ဦးအထိရှိပြီး ရှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ထံမှ သိရပါတယ်။

 

ဓာတ်ပုံ-ပေးပို့