စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ ပညာရေးညီလာခံပွဲအတူ ပြန်တက် ပညာတတ်တွေနဲ့ အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ဖို့ လုပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on Jun 26, 2024

တစ်ပတ်ကြာလူမြင်ကွင်းက ပျောက်ဆုံးခဲ့သော စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ နှစ်ဦးစလုံး မနေ့ ဇွန်လ ၂၅ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပညာရေးညီလာခံဖွင့်ပွဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့ကြပါတယ်။

 

စစ်ကောင်စီပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)မှာ စစ်ခေါင်းဆောင်က နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ်တွေပေါများခြင်းပဲလို့ မိန့်ခွန်းထဲထည့်ပြောပါတယ်။

 

“အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ ပညာတတ်တွေနဲ့ သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝတဲ့ ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ နယ်မြေအများအပြား လက်လွှတ်ထားရတဲ့ ဗိုလ်ချုပ်မှူးကြီးက ကြုံးဝါးပြောဆိုပါတယ်။

 

ထို့နောက် ပညာဆိုတဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ပွဲတက်လာတဲ့ ၎င်းရဲ့ဩဇာခံ စစ်သားအရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ဆိုသူများ၊ ပါမောက္ခချုပ်များနဲ့ ကျောင်းအုပ်ကြီးများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများကို စစ်ခေါင်းဆောင်က ရှင်းပြခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာလူထုဟာ ဝင်ငွေအလယ်အလတ်အဆင့်ရှိသူတွေသာဖြစ်လို့ အစိုးရကျောင်းပညာရေးကိုပဲ အားကိုးနေရတယ်လို့ စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်က ထည့်ပြောပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်ဖွင့်ခဲ့တဲ့ ကျောင်းတွေဆီ ၂၀၂၁-၂၂ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ ၈ သန်းကျော်နဲ့ အခု ၂၀၂၄-၂၅ စာသင်နှစ် ဇွန် ၂၁ ရက်အထိ ကျောင်းအပ်ထားသူ ၇ ဒသမ ၃ သန်းကျော်ရှိတယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အဲဒီနောက် ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှာ တစ်နိုင်ငံလုံး ဖြေဆိုသူ ၁၂၈,၈၂၀ ဦးထဲက ၇၄,၅၉၂ ဦးအောင်မြင်ခဲ့တဲ့အတွက် အောင်ချက် ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ၎င်းက ဝင့်ကြွားစွာပြောခဲ့ပါတယ်။

 

ဒါ့အပြင် လူတစ်ယောက်ဟာ အနည်းဆုံးအလယ်တန်းပညာအဆင့် တတ်မြောက်သင့်တဲ့အတွက် စစ်ကောင်စီအနေနဲ့ လူတိုင်း KG+9 အထိ ပညာသင်ကြားဖို့ ဦးတည်ချက်ချမှတ်ထားတယ်လို့ ပြောပြန်ပါတယ်။

 

ဒီနှစ် စစ်ကောင်စီရဲ့ ပညာရေးညီလာခံဆောင်ပုဒ်မှာ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို ပိုမိုမြှင့်တင်ပေး” ဖြစ်ပြီး ညီလာခံစာတမ်း ၃၆ စောင်ဖတ်ကြားမှာဖြစ်ပါတယ်။

 

ဒီလို စစ်ခေါင်းဆောင်နှစ်ယောက် အရာရှိစစ်ရုံးတွေအခြေစိုက်တဲ့ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ ညီလာခံပွဲကျင်းပနေချိန် ရှမ်းပြည်(မြောက်ပိုင်း)က ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်း၊ မတ္တရာ၊ မိုးကုတ်မြို့နယ်တို့မှာ အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တအောင်းတပ် TNLA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

 

အဲဒီမှာ အရပ်သားထိခိုက်သေဆုံးမှုတွေအပြင် စစ်ကောင်စီဘက်က စခန်းတွေ လက်လွှတ်ရသလို စစ်သားသေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၂၆ ရက်နေ့မှာလည်း အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – MOI