ရှမ်းမြောက်မှာ TNLA ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြန်စတဲ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခု၊ စစ်သုံ့ပန်းနဲ့ လက်နက်များသိမ်းဆည်း

Author လဂွန်းအိမ်
Categories
Published on Jun 26, 2024

ရှမ်းပြည်(မြောက်ပိုင်း)မှာ တအောင်းတပ် TNLA ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်စတဲ့ ဇွန် ၂၅ နဲ့ ဒီနေ့ ၂၆ ရက် နှစ်ရက်အတွင်းမှာပဲ စစ်ကောင်စီစခန်း ၂၄ ခုအပါအဝင် စစ်သုံ့ပန်း ၁၇ ဦးနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒီနေ့ ညပိုင်းမှာ PSLF/TNLA က ထုတ်ပြန်လာပါတယ်။

 

ကျောက်မဲမြို့နယ်က ထွေအုပ်ရုံးနဲ့ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ခု၊ နောင်ချိုမြို့နယ်မှာ TNLA ထိန်းချုပ်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ အုမ္မတီးစခန်းအပါအဝင် စစ်ကောင်စီစခန်း ၁၁ ခုတို့ကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲ အဓိကကျတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်းတွေအပါအဝင် စစ်စခန်းပေါင်း ငါးခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်က လေယာဉ်နဲ့ နောင်ချို့မြို့နယ် ကျောက်ကြမ်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့တဲ့အပြင် ကျောက်မဲမြို့မှာ ဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လက်နက်မျိုးစုံ ၅၁ လက်၊ RPG–7 တစ်လက်၊ ၆၀ မမ တစ်လက်၊ စက်လတ် တစ်လက်၊ ဒရုန်းကာကွယ်တဲ့ Jammer စက်တစ်လုံး၊ စက်သွယ်ရေးပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းများအပါအဝင် ကားနှစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)အဖွဲ့ရဲ့ ဒီနေ့ညပိုင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ ဒီနေ့ ကောလာဟလထွက်ပေါ်ခဲ့တဲ့ နောင်ချိုမြို့သိမ်းနိုင်ခဲ့ပြီဆိုတာနဲ့ပတ်သက်လို့ ထည့်သွင်းထုတ်ပြန်လာတာမျိုး မတွေ့ရပါဘူး။

 

ဓာတ်ပုံ – PSLF/TNLA