မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေ

Author အဂ္ဂ
Categories
Published on Jun 26, 2024

မိုးကုတ် အနောက်ပိုင်းက အခြေစိုက်စခန်းတချို့ လက်လွှတ်လိုက်ရပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ မြို့ကို မီးဖြတ်ထားပြီး ဗုံးပတ်ကြဲနေတယ်လို့ အနောက်ပိုင်းက ဒေသခံတွေဆီကနေ သိရပါတယ်။

 

CJ Platform ကိုပေးပို့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း လေယာဉ်ပျံဝဲနေတဲ့ အသံတွေနဲ့ ဗုံးဆင့်ကွဲတဲ့အသံတွေကို အတိုင်းသားကြားနေ ရပါတယ်။

 

“ကြဲနေတာ‌ လေးခါလောက်ရှိပြီ၊ တစ်ခါကြဲရင် အသံဆင့်ကွဲတာ သုံးခါလောက်ကြားရတယ်၊ အပေါ်ကလေယာဉ်ကကြဲနေတုန်း အောက်က စခန်းဘက်(ကျပ်ပြင်ရဲစခန်း) ဘက်မှာတော့ ပစ်နေကြတုန်း” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

တအာင်းတပ်မတော် (TNLA ) တပ်ဟာ မိုးကုတ်မြို့နယ်တွင်းက ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား အသီးသီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ညနေမှာပဲ ထုတ်ပြန်ခဲ့တာပါ။

 

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချမှုကြောင့် မိုးကုတ်အနောက်ပိုင်းက ဘုံသီတာကျောင်း၊ ဒေါ်နန်းကြည်တော်၊ နာရီစင်နားနဲ့ ရဲစခန်းနားတွေမှာ ကျရောက်ပေါက်ကွဲ ပျက်စီးခဲ့တယ်လို့ လတ်တလော သိရှိထားရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ‌ လေယာဉ်နဲ့ ဝဲပြီး မိုးကုတ်အနောက်ပိုင်းကို ‌ဗုံးကြဲနေဆဲဖြစ်ပြီး နေရာတချို့မှာ လက်နက်ကြီးငယ် ပစ်ခတ်သံတွေနဲ့ ထိတွေ့တိုက်ပွဲ‌တွေ ဖြစ်နေဆဲပဲလို့သိရပါတယ်။

 

ရရှိလာတဲ့သတင်းတွေကို အချိန်တပြေးညီ တင်ဆက်သွားပေးပါ့မယ်။