ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးလက်နက်ချအညံ့ခံ

Author ကိုထားဝယ်
Categories
Published on Jun 26, 2024

တအောင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ စကခ ၁ လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး ဒီနေ့ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်မှာ လက်နက်ချအညံ့ခံတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်လာပါတယ်။

 

PSLF/TNLA က ရုပ်သံဖိုင်နဲ့တကွထုတ်ပြလာတာတွေ့ရပြီး အဲဒီမှတ်တမ်းဖိုင်ထဲ စစ်ကောင်စီတပ်သားတွေ ဝမ်းလျားမှောက်၊ လက်မြှောက်ထားတဲ့ ပုံစံတွေ့မြင်ရပါတယ်။

 

ဒါ့အပြင် ၎င်းတို့နဲ့ မလှမ်းမကမ်းမှာ လက်နက်နဲ့ စစ်အသုံးအဆောင်တွေကိုလည်း ရုပ်သံဖိုင်ထဲ တွေ့မြင်ရပါတယ်။

 

မနေ့ကစပြီး ရှမ်းမြောက်က ကျောက်မဲနဲ့ နောင်ချို့မြို့တို့အပြင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တို့မှာ TNLA/PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာ ဒီနေ့ ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ရုပ်သံ-PSLF/TNLA