ဒီနေ့ ကျောက်မဲမြို့ အခြေအနေ မြို့တွင်းမှာရှိနေသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

Author ကိုထားဝယ်
Categories
Published on Jun 26, 2024

ရှမ်းမြောက်က ကျောက်မဲနဲ့ နောင်ချိုမြို့တို့အပါအဝင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တို့မှာ တအောင်းတပ် TNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မနေ့ ဇွန်လ ၂၅ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အဲဒီထဲက ကျောက်မဲမြို့ထဲ ဒီနေ့ ဇွန်လ ၂၆ ရက် ဘာဖြစ်နေလဲ။ အရပ်သားထိခိုက်သေဆုံးဘယ်လောက်ရှိနေပြီလဲ၊ နှစ်ဖက်ထိတွေ့မှု ဘယ်လိုလဲ စတဲ့နောက်ဆုံးအခြေအနေတွေကို မြေပြင်မှာရှိနေတဲ့ ကျောက်မဲ မြို့ခံသတင်းရင်းမြစ်တစ်ဦးနဲ့ CJ Platform တို့ ဆက်သွယ်မေးမြန်းချက်ကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

CJ           : ဒီနေ့မနက်ပိုင်း ကျောက်မဲမြို့တွင်း အခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။

မြို့ခံ        : ဒီနေ့မနက်ပိုင်း ကျောက်မဲမြို့အခြေအနေကတော့ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့နော်။ ဒီနေ့မနက်ပိုင်းမှာ တော်တော်လေးအကြီးအကျယ်ဖြစ်သွားပါတယ်။ အခု(သတင်းမေးနေချိန် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်)ကတော့ ငြိမ်သွားတယ်လို့ပြောလို့ရပါတယ်။ မနက်ကတော့ လက်နက်ကြီးတွေနဲ့ရော၊ အပြန်အလှန်ပစ်ခတ်မှုတွေရော ရှိပါတယ်။

 

CJ           : ဒီလိုပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိပါသလား။ ဘယ်နှယောက်လောက်ရှိပါသလဲ။

မြို့ခံ        : အရပ်သားသေဆုံးမှုကတော့ မနေ့ကတော့ နှစ်ယောက်ပေါ့နော်။ ဒီနေ့ကတော့ လိုင်း(အွန်လိုင်း)ပေါ်မှာတော့ တွေ့ပါတယ်။ မြေပြင်အနေအထားအရ၊ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ကူညီတဲ့အနေအထားအရဆိုရင်တော့ ဒီနေ့ကတော့ ထိခိုက်ဒဏ်ရာရတာပဲရှိပါတယ်။ သေဆုံးမှုကတော့ ဒီနေ့ကတော့ မကြားပါဘူး။

 

CJ           : ဒီနေ့တိုက်ပွဲမှာ ကျောက်မဲရဲစခန်းကို TNLA ဘက်က သိမ်းပိုက်သွားတယ်လို့ကြားမိပါတယ်ဗျ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဘယ်လိုကြားသိထားတာမျိုးရှိပါသလဲ။

မြို့ခံ        : ဟုတ်ပါတယ်။ TNLA ဘက်က ကျောက်မဲရဲစခန်းကို သိမ်းသွားတာပေါ့နော်။ ဌာနဆိုင်ရာ ရုံးအချို့ပေါ့နော်။ ထိန်းသိမ်းလိုက်တယ်။ အဲဒီလိုမျိုးတော့ သိရပါတယ်။

 

CJ           : ဘယ်ရုံးတွေပါလဲ။

မြို့ခံ        : ရုံးတွေကတော့ TNLA က သိမ်းပိုက်တယ်ဆိုတာထက် သူတို့ ဝင်ပြီးတော့ နေရာယူထားတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းပိုက်တယ်ဆိုတာကတော့ အပြန်အလှန်ပစ်ခတ်တာကို သိမ်းပိုက်တာလို့ခေါ်တာလေ။ အခု သူတို့နေရာယူထားတဲ့နေရာတွေကတော့ ဆေးရုံကြီး၊ လဝကရုံး၊ စည်ပင်၊ ထွေအုပ်ရုံး၊ စသုံးလုံးရုံးတွေပေါ့နော်။ အဲဒီလိုမျိုး ရုံးတွေပေါ့နော်။ အဲဒီရုံးတွေမှာ လူတွေမရှိတော့ပါဘူး။ အဲဒီရုံးတွေမှာ သူတို့နေရာဝင်ယူပြီးတော့ နေရာယူထားတာတွေရှိပါတယ်။

 

CJ           : ဒီလိုဆိုတော့ TNLA က ကျောက်မဲမြို့ပေါ်နေရာတော်တော်များကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ သဘောမျိုးပါလား။

မြို့ခံ        : အဲဒီလို ပြောလို့လည်းရပါတယ်။ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ တစ်ခုရှိတာကတော့ သူတို့က စစ်တပ်ရှိတဲ့နေရာပေါ့နော်။ စစ်တပ်ရှိတဲ့နေရာနဲ့ ထိတွေ့မှု အရမ်းမဖြစ်သေးဘူးပေါ့နော်။ တပ်နဲ့သိပ်ပြီးတော့ မဖြစ်သေးဘူး။ မြို့တွင်းမှာ သွားလာနေတဲ့ဟာတွေ(စစ်သားတွေ)ပေါ့။ သူတို့(TNLA)က ထိန်းချုပ်တာမျိုးလည်း လုပ်တာမဟုတ်ပါဘူး။ အမှန်တကယ်က သူတို့သွားလာနေတယ်။ အဲဒီလိုမျိုးပေါ့နော်။ မြို့ထဲမှာရှိတဲ့ စစ်သားတွေနဲ့ ပစ်ခတ်မှုရှိတယ်။ အဲဒီလိုတွေပဲ သိရတယ်။ အဲဒီလိုတွေပဲ တွေ့ရတယ်ပေါ့နော်။ ထိန်းချုပ်ပြီးတော့ အတင်းအဓမ္မကြီးလုပ်တာမျိုး မရှိဘူး။ စစ်တပ်နဲ့ အပြန်အလှန်တိုက်ခိုက်တာဆိုတာတော့ ရှိတယ်။ ကြိုးတိုးကြဲတဲပေါ့။ တချို့နေရာတွေမှာ တွေ့ကြရင် ထိပ်တိုက်ရင်ဆိုင်ပြီး ပစ်တာရှိတယ်ပေါ့။

 

CJ           : စစ်ကောင်စီတပ်တွေကရော ဘယ်လိုနေရာတွေမှာ ရှိနေပါလဲ။

မြို့ခံ        : စစ်ကောင်စီတပ်တွေကတော့ သူတို့တပ်တွေထဲမှာလည်း ရှိတယ်။ ပြီးတော့ သူတို့ ပတ်ကင်းတွေပေါ့။ သူတို့နေရာချထားတဲ့နေရာတွေထဲမှာ ရှိနေပါတယ်။

 

CJ           : ကျောက်မဲမြို့ခံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။ မြို့ကို စွန့်ခွာနေသူတွေရော ရှိပါသလား။

မြို့ခံ        : ကျောက်မဲမြို့ခံတွေအနေနဲ့ကတော့ ကိုယ့်အိမ်ထဲပဲ ကိုယ်နေကြတာပဲ။ စွန့်ခွာတာတွေလည်း မရှိပါဘူး။ စွန့်ခွာလို့လည်း မရဘူးလေ။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးပိတ်ထားတာကို။ လမ်းတွေပိတ်ထားတော့ မြို့ကို စွန့်ခွာတာမရှိပါဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ် လုံခြုံအောင်လုပ်ပြီးတော့ နေနေကြရတာပေါ့။ စွန့်ခွာပြေးရအောင်လည်း ပြေးစရာနေရာမှမရှိဘဲ။ ပြေးဖို့နေရာလည်း မရှိဘူးလေ။ ပြေးဖို့ မြေလည်း မရှိဘူးလေ။ အဲဒါကြောင့်မလို့ ကိုယ့်အိမ်မှာ ကိုယ်ပဲ နေနေရတယ်။ တချို့ကျတော့လည်း ကိုယ့်ရပ်ကွက်မှာ နည်းနည်းကြမ်းနေတယ်ဆိုရင် တခြားရပ်ကွက်က အမျိုးအိမ်တို့၊ ဘာတို့မှာ သွားနေတာတို့၊ ဘုန်းကြီးကျောင်းထဲမှာ သွားနေတာတို့ အဲဒီလိုမျိုးတွေပဲရှိပါတယ်။ မြို့ပြင်ကို စွန့်ခွာသွားလို့မရဘူး။ လမ်းလည်းမရှိပါဘူး။

 

CJ           : စစ်ကောင်စီဘက်က မြို့ကို လေယာဉ်နဲ့ လာပတ်နေတာမျိုး၊ ဗုံးကြဲတာမျိုးရှိနေပါပြီလား။

မြို့ခံ        : မြို့တွင်းကိုတော့ မဟုတ်ပါဘူး။ မြို့ပြင်၊ မြို့ပတ်ခြာလည်ပေါ့။ မြို့ရဲ့အပြင်ဘက်တွေမှာတော့ သူတို့လေယာဉ်နဲ့ ဗုံးလာကြဲတာမျိုးတော့ ရှိပါတယ်။ ဒီနေ့ကို သုံးလေးခေါက်လောက်တော့ ရှိပြီပေါ့နော်။ ဒါပေမဲ့ မြို့တွင်းတော့ မဟုတ်ပါဘူး။ မြို့အပြင်ပေါ့။ မြို့နားတဝိုက် ကြဲချတာတော့ရှိတယ်။

 

CJ           : အခုလက်ရှိအခြေအနေအရ တိုက်ပွဲအခြေအနေပြင်းထန်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြင်ဆင်ထားမှုတွေရော ရှိနေပါသလားခင်ဗျ။ ပြည်သူတွေအနေနဲ့ရော ဘယ်လိုပြင်ဆင်ထားတာမျိုးတွေ ရှိနေပါလဲ။

မြို့ခံ        : အဲဒီလိုတော့ မရှိပါဘူး။ တိုက်ပွဲပြင်းထန်လာရင် ပြေးဖို့၊ ရှောင်ဖို့ဆိုတာက မရှိပါဘူး။ ကိုယ့်အိမ်ထဲမှာပဲ လုံလုံခြံခြုံနဲ့ ကတုတ်ကျင်းလေးတွေ တူးထားတာရှိတယ်။ အဲဒီလိုလေးတွေပဲ ရှိတာပါ။ ဘာကြောင့်လဲဆိုတော့ ပြေးဖို့မှ မြေမရှိပဲ။ စားနပ်ရိက္ခာလေးတွေပေါ့နော်။ မနက်ပိုင်း တိုက်ပွဲအတန်ငြိမ်သွားတဲ့အချိန်မျိုးမှာ ထွက်ဝယ်တယ်။ ပြည်သူထဲက တချို့ကုန်သည်တွေက ကိုယ်ချင်းစာတရားနဲ့ ရောင်းပေးတာပေါ့။ အဲဒီလိုမျိုးတွေပဲ ရှိတာပေါ့။ ပြေးဖို့ ပြင်ဆင်ထားတာမျိုးတော့ မရှိပါဘူး။ ရှိတော့ရှိနိုင်လိမ့်မှာပေါ့နော်။ တချို့ကျတော့လည်း မေးကြပါတယ်။ ပြေးဖို့အတွက် လမ်းရှိလားဘာညာဆိုပြီးတော့ မေးကြသူတချို့လည်းရှိပါတယ်။ အခုချိန်ထိ ကျောက်မဲမြို့ထဲကနေ တစ်ယောက်မှထွက်လို့မရသေးပါဘူး။ အခုထိပါ။

 

CJ           : တကယ်လို့ အဖွဲ့အစည်းတစ်ခုခုက ဥပမာ TNLA ဘက်ကပဲဖြစ်ဖြစ်ပေါ့နော်။ ဘေးကင်းရာကို ခေါ်ထုတ်ပေးမယ်ဆိုရင် ထွက်ကြဖို့ရော ရှိနိုင်ပါလား။

မြို့ခံ        : အင်း… အဲဒီလိုမျိုးဆိုရင်တော့ ရှိနိုင်ပါတယ်။ အဲဒီလို တစ်ဖွဲ့ဖွဲ့ကနေပြီးတော့ ဘေးကင်းရာကို ခေါ်ထုတ်ပေးမယ်ဆိုရင်တော့ ထွက်မယ့်လူတွေတော့ ရှိကောင်းရှိနိုင်လိမ့်မှာပေါ့။ ရှိမှာပါ။ ငါးပုံမှာပေါ့နော်။ ငါးပုံ ပုံလိုက်ပေါ့။ ငါးပုံမှာ တစ်ပုံလောက်ကတော့ ထွက်ကြမယ့်သဘောမျိုးရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ကိုယ့်အိမ်ကို မစွန့်ခွာနိုင်တာရယ်၊ ကိုယ့်အိမ်ကို စိတ်မချတာရယ် အဲဒီလိုမျိုးတွေရှိနေသလို တချို့ကျတော့လည်း ကိုယ့်အိမ်ကပဲ လုံခြုံတယ်ဆိုတဲ့သူမျိုးတွေလည်းရှိနေပါတယ်။

 

CJ           : တိုက်ပွဲက အခုထက် ပိုပြင်းထန်လာနိုင်ခြေရှိသေးလား။ ဘယ်လိုပြောလို့ရနိုင်ပါသလဲ။

မြို့ခံ        : ရှိနိုင်တယ်။ တိုက်ပွဲ အခုထက် ပိုပြင်းထန်လာနိုင်ခြေရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်နေတာက၊ အခုလုပ်နေတာက မြို့တွင်းမှာပဲရှိသေးတာကို။ တပ်ကို မတိုက်သေးဘူးလေ။ တပ်နဲ့မတိုက်သေးဘူးဆိုတော့ ဒီထက်ပိုပြင်းထန်လာနိုင်ခြေရှိသလို လေကြောင်းကလည်း ပြင်းအားဗုံးတွေဘာတွေ ချလာနိုင်ခြေရှိတယ်။ ပြင်းထန်လာနိုင်ခြေက ရှင်းရှင်းပြောရရင် ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော့်အမြင်ပေါ့လေ။

 

CJ           : ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

မြို့ခံ        : အင်း… ဖြည့်စွက်ပြောချင်တာကတော့ ဒီလိုမျိုးကြီး ပြည်သူတွေ အခက်အခဲဒုက္ခဖြစ်နေတာကို၊ တစ်ယောက်နဲ့ တစ်ယောက် အာဃာတအညှိုးတွေနဲ့ တိုက်ခိုက်နေမယ့်အစား စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းတာက ပိုပြီးတော့ ပြည်သူတွေအတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဘက်က နိုင်နိုင်၊ ဘယ်သူ့ဘက်က ရှုံးရှုံး နစ်နာတာကတော့ ပြည်သူတွေပါပဲ။ အဲဒါကြောင့်မလို့ ရှင်းရှင်းပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ပဲ ပြီးသွားစေချင်ပါတယ်။

 

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

ဆက်သွယ်မေးမြန်းသူ – ကိုထားဝယ်

 

ဓာတ်ပုံ – CJ